ပြဿနာတွေ မေ့ဖို့ အရက်သောက်ဖြစ်တယ်ဆိုရင် ပိုပြီး စိတ်လေသွားတတ်ပါတယ်။ တစ်ခါတစ်လေမှာ အသောက်များရင် နောက်တစ်နေ့လုံး ခေါင်းခိုက်ပြီး အစားအသောက် ပျက်သွားတာလောက်ပဲ ဖြစ်တတ်ပေမယ့် တစ်ချို့သူတွေကတော့ Hangxiety လို့ ခေါ်တဲ့ အရက်ကြောင့် စိတ်ဓါတ်ကျတာ ၊ ဖိအားများပြီး ပူပင်သောကရောက်တာတွေ ကြုံပါတယ်။ ဒီလို ဖြစ်တာ အကြောင်းရှိပါတယ်။

အယ်လ်ကိုဟောဓါတ်ဟာ ဦးနှောက်ကနေ သဘာဝအတိုင်း ထုတ်ပေးတဲ့ ပျော်ရွှင်မှုဟော်မုန်းတွေဖြစ်တဲ့ Serotonin နဲ့ Dopamine လယ်ဗယ်ကို ထိခိုက်နိုင်စေပါတယ်။ တစ်နည်းအားဖြင့် ပထမ သောက်ခါစမှာ တက်ကြွမှု ဖြစ်နေတယ်ဆိုပေမယ့် Serotonin နဲ့ Dopamine ဓါတ်တွေကို မျှခြေတိုက်စားသွားလို့ နောက်တစ်နေ့မှာ စိတ်ရှုပ်တာ ၊ စိတ်ဓါတ်ကျတာတွေ ဖြစ်သွားပါတယ်။

Man sitting in bar with glass of beer on table

Source : Freepik

အသောက်များသွားရင် Blackout ဖြစ်တတ်ပါတယ်။ ညက မူးမူးနဲ့ ဘာပြောခဲ့သလဲဆိုတာ မနက်မှာ မမှတ်မိတော့ပါဘူး။ အယ်လ်ကိုဟောကြောင့် မှတ်ဉာဏ်က ယာယီ မီးပြတ်သလို ဖြစ်သွားတာပါ။ မမှတ်မိခြင်းနဲ့အတူ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့ အဆင့်ရောက်ပြီဆိုရင် စိုးရိမ်သင့်ပါတယ်။

အရက်ကြောင့် မှားတယ်ဆိုတဲ့ စကားဟာ စကားလုံး သက်သက်မဟုတ်ပါဘူး။ အရက်ရေချိန်မြင့်လာလေလေ ကိုယ်တွေးနေတာဟာ အမှောင်ဘက်ရောက်လေလေပါပဲ။ ဒီအတွေးတွေကြောင့် အမှားလုပ်မိပြီး အဲဒီအမှားတွေကြောင့်ပဲ ပြဿနာတွေ အထပ်ထပ်တက်ပြီး စိတ်ဓါတ်ကျရပါတယ်။

တစ်ခွက်တစ်လေကတော့ အိပ်ပျော်စားဝင်ဖြစ်ချင် ဖြစ်မယ်။ ဒါပေမယ့် အသောက်လွန်သွားရင်တော့ အိပ်ယာထဲ တလူးလူး တလိမ့်လိမ့်နဲ့ စိတ္တဇညတွေ ဖြတ်သန်းရတော့မှာပါ။ အကျိုးဆက်ကတော့ အိပ်ရေးမဝ ၊ အရက်နာကျပြီး အလုပ်လည်း အာရုံ မစိုက်နိုင် ၊ မိသားစုနဲ့ မိတ်ဆွေတွေကိုလည်း ကောင်းကောင်း မဆက်ဆံနိုင်ဖြစ်လာပါလိမ့်မယ်။

Three male friends in the bar

Source : Freepik

ကျန်းမာတဲ့ ဘဝပုံစံဆိုတာ အခက်အခဲနဲ့ ဖိအားတွေ ၊ ဝမ်းနည်းသောကတွေကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်တဲ့ ပုံစံပါ။ အရက်သောက်ပြီး သောကကို ရှင်းမယ်ဆိုတာ ဘယ်တော့မှ အလုပ်မဖြစ်ပါဘူး။ စိတ်ဝေဒနာကနေ ရှောင်ပြေးတာတစ်မျိုးပါ။ အရက်သောက်ပြီး သောက ကနေ ပြေးနေတာ တကယ်ဒုက္ခတွေ့မယ့် ထောင်ချောက်ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာတဲ့ ပုံစံကို မယိုင်စေမယ့် သောက်နည်းမျိုးနဲ့ သောက်ပါ။ အိပ်ရေးဝအောင်အိပ်ပြီး တတ်နိုင်သမျှ ဆေးလိပ်အရက်နဲ့ ကင်းအောင်နေပါ။ Gym ကစားတာ ၊ အဟာရပြည့်တဲ့ အစားအစာ စားတာနဲ့ စိတ်သောကနည်းအောင် တရားထိုင်တာတွေလုပ်ပြီး ကုစားသင့်ပါတယ်။