ဒီနေ့မနက်အစောပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) ဆောက်သမ်တန်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ပွဲစဉ်မှာတော့ ဆောက်သမ်တန်အသင်းရဲ့ ထင်မှတ်မထားတဲ့ နောက်ကျချေပဂိုးကနေတဆင့် တစ်ဖက် (၂) ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ယူနိုက်တက်အသင်း တတိယနေရာနဲ့လွဲချော်ခဲ့ရပါတယ်။ နိုင်ပွဲတွေဆက်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ယနေ့အိမ်ကွင်းမှာလည်း ပွဲထွက်လူစာရင်းကို အပြောင်းအလဲမရှိ (၅) ပွဲဆက်အသုံးပြုလာခဲ့ပါတယ်။ ယူနိုက်တက်အသင်းနဲ့ တွေ့ဆုံတိုင်းမှာ ဂိုးစသွင်းလေ့ရှိတဲ့ ဆောက်သမ်တန်အသင်းအနေနဲ့ ဒီပွဲမှာလည်း အစဉ်အလာအတိုင်း ပွဲချိန် (၁၂) မိနစ်မှာ အမ်းစထရောင်းရဲ့ ကန်ချက်ကနေ ဦးဆောင်ဂိုးရရှိခဲ့ပါတယ်။

Source : Evening Standard
ဦးဆောင်ဂိုးပေးလိုက်ရပြီးတဲ့နောက်မှာတော့ ယူနိုက်တက်အသင်းပြန်လည် ဖိအားပေးကစားလာခဲ့ပြီး ပွဲကစားချိန် မိနစ် (၂၀) မှာတော့ မာစီယဲလ်ရဲ့ ပေးပို့ မှုကနေတဆင့် ရပ်ရှ်ဖို့ဒ်ကအကောင်းဆုံး အဆုံးသတ်နိုင်ခဲ့တာကြောင့် အိမ်ရှင်ယူနိုက်တက်အသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ ဆက်တိုက်ဆိုသလိုပဲ ချေပဂိုးရပြီးနောက် (၃) မိနစ်အကြာ ပွဲကစားချိန် (၂၃) မိနစ်မှာတော့ ဘရူနိုဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေ မာစီယဲလ်ကလှလှပပ ကန်သွင်းယူခဲ့တာကြောင့် ဒုတိယမြောက်ဦးဆောင်ဂိုးကိုရရှိသွားခဲ့တာဖြစ်ပါတယ်။ မိနစ်ပိုင်းအတွင်း သွင်းဂိုးတွေဆက်တိုက်သွင်းယူပြီး နိုင်ပွဲဆက်ဖို့ အခြေအနေကောင်းနေခဲ့တဲ့ ယူနိုက်တက်အသင်းဟာ ပထမပိုင်းကိုတော့ (၂-၁)ဂိုးရလဒ်ဖြင့် ဦးဆောင်နေခဲ့ပါတယ်။

Source : Evening Standard
ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာလည်း အိမ်ရှင်ယူနိုက်တက်အသင်းကပဲ ပွဲကိုဆက်လက်ဦးဆောင်ထားနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်းရရှိခဲ့ပါတယ်။ ဒါပေမယ့် ပွဲကစားချိန်ကြာမြင့်လာတာနဲ့အမျှ ဆောက်သမ်တန်အသင်းရဲ့ တန်ပြန်တိုက်စစ်က ပြန်လည်အသက်ဝင်လာခဲ့ပြီး ချေပဂိုးတွေရရှိဖို့ အိမ်ရှင်အသင်းကိုထိုးဖောက်တိုက်စစ်ဆင်လာနိုင်ခဲ့ပါတယ်။ ပွဲချိန် (၈၅) မိနစ်မှာ ဆောက်သမ်တန်တောင်ပံကစားသမား ရက်ဒ်မွန်းရဲ့ ကန်ချက်ကကောင်းမွန်ခဲ့ပေမယ့် ယူနိုက်တက်ဂိုးသမား ဒီဂီယာ အကောင်းဆုံးပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် အိမ်ရှင်ယူနိုက်တက် သက်သာရာရခဲ့ပါတယ်။ သို့သော် ပွဲပြီးခါနီး ပွဲကစားချိန် (၉၆) မိနစ်မှာတော့ လူစားလဲဝင်ရောက်လာခဲ့တဲ့ ဆောက်သမ်တန်ကစားသမား အိုဘာဖီမီရဲ့ ကန်ချက်ကို ကာကွယ်နိုင်ခြင်းမရှိတော့ပဲ ချေပဂိုးပြန်လည်ပေးခဲ့ရကာ တစ်ဖက်(၂) ဂိုးစီသရေ ရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

Source : Evening Standard
