အကယ်၍ အလုပ်က သင့်ဘဝကို ဝါးမျိုနေတယ်လို့ ခံစားမိနေရင် သင်တစ်ယောက်တည်း ဒီလိုခံစားနေရတာမဟုတ်ဘူးဆိုတာ သတိရလိုက်ပါ။ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ တစ်ချို့လူတွေအတွက် တစ်ပက်ကို အလုပ်ချိန် (၄၀-၅၀) နာရီဆိုရင် လုံလောက်ပါတယ်။
တစ်ချို့လူတွေက အလုပ်ကို နေ့မအားညမအား လုပ်ကြတဲ့လူတွေရှိပါတယ်။ တစ်ချို့က ကိုယ်ပိုင်အလုပ်မလို့ ကြိုးစားလုပ်ကြတယ်။ တစ်ချို့ကတော့ အလုပ်မှာ ရာထူးတိုးချင်လို့ ကြိုးစားကြတယ်။ တစ်ချို့ကြတော့ စားဝတ်နေရေးအခက်အခဲကြောင့် အလုပ်ချိန်ပိုလုပ်ရတယ်။ ဘယ်လိုကိစ္စကြောင့်ပဲ ဖြစ်ဖြစ် လူတစ်ယောက်ဟာ လုံလောက်တဲ့ အနားယူချိန်မရပဲ အလုပ်အလွန်အကျွံလုပ်မယ်ဆိုရင် ဆိုးကျိုးတွေရှိတာကို သတိမူမိဖို့ လိုအပ်ပါတယ်။
အရက်စွဲနိုင်ခြေရှိတယ်

Source: The Billings Gazette
လေ့လာမှုတွေအရ တစ်ပက်ကို အလုပ်ချိန် နာရီ (၄၀) ထက်ပိုလုပ်ရတဲ့လူတွေဟာ အပန်းဖြေအနားယူဖို့အတွက် အရက်ဘီယာသောက်ဖို့ ရွေးချယ်လာတာကြောင့် အရက်စွဲနိုင်ခြေက ပုံမှန်လူထက် မြင့်မားနေကြောင်း သိရပါတယ်။
စွမ်းရည်ကျဆင်းလာမယ်

Source: Newszii
အလုပ်ချိန်လည်း တိုးလုပ်တယ်။ ရလဒ်က ပိုကောင်းမလာဘူးဆိုရင်တော့ သင့်ရဲ့အလုပ်လုပ်စွမ်းရည်က ကျဆင်းလာနေပါပြီ။ လေ့လာမှုတွေအရ တစ်ပက်ကို အလုပ်ချိန် နာရီ (၇၀) ရှိတဲ့လူတွေရဲ့ အလုပ်ပြီးမြောက်မှုဟာ တကယ်တမ်းမှာတော့ တစ်ပက်ကို အလုပ်ချိန် (၅၆) နာရီသာရှိတဲ့လူတွေရဲ့ အလုပ်ပြီးမြောက်မှုတွေထက် ပိုပြီးများနေတာမျိုးမရှိဘူးလို့ ဆိုထားပါတယ်။
ဆီး ပြဿနာ

Source: Ghgossip
အလုပ်ဇောကပ်ပြီး ဆီးသွားချင်တာကို ထ မသွားတာက ဆီးကျဉ်တာ၊ ဆီးအောင့်တာကစလို့ ဆီးလမ်းကြောင်း ပိုးဝင်တာ၊ ကျောက်ကပ်မှာ အနယ်တွေ ဖြစ်ပြီး ကျောက်ကပ် ထိခိုက်တာအထိ ဖြစ်စေနိုင်ပါတယ်။
အစားပုံမှန် မစားဖြစ်တာ

Source: The HR Digest
အလုပ် မပြီးမှာစိုးပြီး အလုပ်ကို ဆက်တိုက်လုပ်နေရင်းက အစားစားချိန် ကျော်သွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက တစ်ရက်တလေမှာ ကိစ္စ မရှိပေမယ့် အချိန် ကြာလာတဲ့အခါ လေထိုးလေအောင့်တာအပြင် အစာအိမ် ဝေဒနာကိုပါ ခံစားရနိုင်ပါတယ်။
အဝလွန်တာ

Source: Healthline
အစားစားလို့ဆိုတာထက် အထိုင်များလို့၊ လှုပ်ရှားမှုနည်းတဲ့ နေထိုင်မှု ပုံစံကြောင့် အဝလွန် လာနိုင်ပါတယ်။ အထိုင်များတာက အဝလွန်တာအပြင် နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင် ပါသေးတယ်။
ခါးနာတာ

Source: Houstonia Magazine
အလုပ်စားပွဲမှာ တစ်ချိန်လုံး ထိုင်ရင်းက ပုံစံ မှန်မှန် မထိုင်မိတဲ့အခါ ခါးနာ အပါအဝင် အရိုးအကြော ပြဿနာတွေ၊ ကြွက်သားတောင့်တင်း နာကျင်မှု ပြဿနာတွေ ခံစားရနိုင်ပါတယ်။
စိတ်ဖိစီးမယ်

Source: The Muse
အလုပ်တွေကို တအား ပြီးချင်တယ်။ လုပ်နေရင်းက စိတ်တိုင်းမကျတာ၊ အားမရတာတွေ ဖြစ်လာတဲ့အခါမှာ စိတ်ဖိစီးနိုင်ပါတယ်။ ဒါတင်မကပါဘူး။ အလုပ်တွေ အရမ်း များလာတဲ့အခါမှာလည်း အလိုလို နေရင်း စိတ်ဖိစီးနိုင်ပါတယ်။
