လူတော်တော်များများက နှလုံးသားရေးရာမှာ အချစ်က အရေးအကြီးဆုံးလို့ ထင်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အချစ်ရှိနေမှသာ ကြည်နူးစိတ်လှုပ်ရှား ပျော်ရွှယ်ဖွယ် အခြေအနေတွေကို ပိုင်ဆိုင်ရမှာပါ။ ဒါ့အပြင် လူတိုင်းက Relationship တစ်ခုကို ကိုယ်ချစ်တဲ့သူနဲ့ တည်ဆောက်ပြီးသွားရင် ရေရှည်တည်မြဲချင်ကြတာပဲ မဟုတ်ပါလား။ တကယ်တော့ မတူညီတဲ့ လူသားနှစ်ယောက် တွေ့ဆုံချစ်ကြိုက်ပြီး တည်ဆောက်ထားတဲ့ Relationship တစ်ခုကို ကာလကြာရှည် တည်မြဲဖို့ဆိုရင် ချစ်နေတာတစ်ခုတည်းနဲ့တော့ မပြည့်စုံပါဘူး။ အခြားသော အရေးကြီးတဲ့အချက်တွေ ရှိပါသေးတယ်။ ဒီဆောင်းပါးလေးမှာတော့ Relationship တစ်ခုမှာ အချစ်ထက် ပိုပြီးအလေးထားသင့်တဲ့ အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။

နားလည်မှု ရှိခြင်း

Relationship တစ်ခုမှာ

Photo : Lisa Rabionowitz

Relationship တစ်ခု ရေရှည်တည်မြဲ ပျော်ရွှင်စေဖို့ဆိုရင် အရေးအကြီးဆုံးကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးနိုင်ဖို့ပါပဲ။ တစ်ယောက်နဲ့ တစ်ယောက် မကြိုက်တဲ့ အချက်တွေ သို့မဟုတ် ဘယ်လောက်ကြီးမားတဲ့ ပြဿာနာပဲ ဖြစ်ပါစေ၊ ဘယ်လိုအားနည်းချက်ပဲ ဖြစ်ပါစေ တစ်ဦးနဲ့တစ်ဦး ညှိနှိုင်းမှု၊ နားလည်မှုအပြည့်နဲ့ ရှေ့ဆက်သွားရင် သာယာပျော်ရွှင်တဲ့ Relationship တစ်ခုဖြစ်မှာပါ။ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု မရှိဘဲနဲ့တော့ ဆက်ဆံရေးတစ်ခုက ရေရှည်မှာ အဆင်ပြေချောမွေ့ဖို့ ခက်ခဲပါတယ်။

အပြန်အလှန် ယုံကြည်မှု ထားရှိပါ

Relationship တစ်ခုမှာ

Photo : Sweitzer Counseling

Relationship တစ်ခုမှာ ဘယ်လောက်ပဲ တစ်ယောက်နဲ့ တစ်ယောက်ချစ်နေပါစေ၊ ယုံကြည်မှုကို တည်ဆောက်မထားရင်တော့ သံသယတွေနဲ့ ရေရှည်မှာ ပျော်ရွှင်ရမှာ မဟုတ်ပါဘူး။ ယုံကြည်မှုဆိုတာ ဆက်ဆံရေးတိုင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ များသောအားဖြင့် ချစ်သူစုံတွဲများက တစ်ဦးနဲ့ တစ်ဦးဆက်ဆံပုံကို အခြေခံပြီး ယုံကြည်မှုကို တည်ထောင်ကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ချစ်နေကြတဲ့ ဆက်ဆံရေးတစ်ခုမှာ လိုအပ်တဲ့ အခြေခံအကျဆုံး ခံစားချက်ကို ပြောပါဆိုလျှင် တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ ယုံကြည်မှုကပေးတဲ့ စိတ်လုံခြုံမှုပါပဲ။ ယုံကြည်မှုတည်ဆောက်ရာမှာ တစ်ယောက်နဲ့တစ်ယောက်အကြောင်း အရာတွေကို ဝေမျှဖို့ လိုအပ်ပါတယ်။ သူ့အကြောင်း ကိုယ့်အကြောင့် ပွင့်ပွင့်လင်းလင်း ဝေမျှကာ ညှိနှိုင်းမှုများဖြင့် အချစ်ခရီးကို ရှေ့ဆက်ပါ။

သစ္စာရှိမှု

Photo : Regain

ကိုယ်ချစ်တဲ့သူနဲ့ Relationship တစ်ခုကို တည်ဆောက်ပြီးပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက် သစ္စာရှိဖို့လည်း လိုပါတယ်။ သစ္စာတရားဟာ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ မခွဲခြားဘဲ လူသားတစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်ကျင့်တရားတစ်ခုပါ။ ကိုယ့်ဘက်က စစ်မှန်သော ရိုးသားမှု၊ သစ္စာရှိမှုနဲ့ ဆက်ဆံတဲ့အခါမှာ သူမဘက်ကလည်း ကွီးတို့ရဲ့ စိတ်ရင်းအမှန်ကို ပိုမိုနားလည်လာကာ ကွီးတို့ရဲ့ ဆက်ဆံရေးမှာ ပိုပြီး သာယာဖြောင့်ဖြူးလာပါလိမ့်မယ်။ ဒါ့ကြောင့် အချင်းချင်း ရိုးသားပွင့်လင်းကာ သစ္စာရှိမှုနဲ့ ကွီးတို့ရဲ့ ချစ်ခရီးကို ရှေ့ဆက်တဲ့အခါ သာယာပျော်ရွှင်မှုနဲ့ ပြည့်စုံနေမှာ အသေအချာပါပဲ။

အပြန်အလှန်လေးစားမှု

Photo : Your Tango

ချစ်ခြင်းမေတ္တာကို အခြေခံထားတဲ့ ရင်းနှီးတဲ့ဆက်ဆံရေးမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်လေးစားမှုရှိဖို့နဲ့ တစ်ယောက်နဲ့တစ်ယောက် ကြင်ကြင်နာနာဆက်ဆံဖို့ အရေးကြီးပါတယ်။ တစ်ခုခုကို ဆုံးဖြတ်တာ၊ ညှိနှိုင်းတာမှာ ကိုယ့်ရဲ့ ထင်မြင်ချက်၊ ယူဆချက်တွေကလည်း အရေးကြီးသလို တစ်ဖက်သားရဲ့ ဆုံးဖြတ်ချက်များကိုလည်း လေးစားလိုက်နာပေးပါ။ ဒါ့အပြင် ကိုယ့်ချစ်သူဆိုပြီး မလေးမစားဆက်ဆံတာမျိုး၊ လက်လွတ်စပယ်ပြောဆိုတာမျိုး မလုပ်ပါနဲ့။ ထို့အတူ အပြုအမူအပြောအဆိုများကိုလည်း လေးလေးစားစားနဲ့ ဆက်ဆံပေးတာဟာ တစ်ဖက်သားအပေါ်ကိုယ့်ရဲ့ အလေးထားမှုကို ပြသရာလည်း ရောက်ပါတယ်။

ကွီးတို့ရေ Relationship တစ်ခုမှာ ချစ်ခြင်းအပြင် ဒီလိုအချက်လေးတွေကိုပါ အလေးထားလိုက်နာရင် ရေရှည်မှာ သာယာပျော်ရွှင်တဲ့ အချစ်ခရီးကို ပိုင်ဆိုင်စေမှာ အသေအချာပါပဲ။

Featured Photo : Sheknows