မတူညီတဲ့ အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်က ဆင်းသက်လာသူ လူသားနှစ်ယောက်သာ တစ်ယောက်နဲ့ တစ်ယောက်ချစ်ကြိုက်ပြီး နှစ်ယောက် တစ်ဘဝ ဖန်တီးကြတဲ့အခါ အရာအားလုံးသည် ရာနှုန်းပြည့် လွယ်ကူနေတာမဟုတ်ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်ကြား နားလည်မှုတွေ ထားရှိသင့်ပြီး နှစ်ယောက်ကြားက Relationship ကို ပြိုကွဲသွားစေမယ့် အန္တရာယ်ရှိတဲ့ အပြုအမူ များကို မပြုလုပ်မိဖို့ လိုအပ်ပါတယ်။

သင်တို့ နှစ်ယောက်ကြားက Relationship ကို ပြိုကွဲသွားစေနိုင်တဲ့ အန္တရာယ်ရှိတဲ့ အပြုအမူ များကို ဘယ်လို သတိထား ရှောင်ကြဉ်ရမလဲ။

ခံစားချက်များကို ပွင့်ပွင့်လင်းလင်း ဖွင့်မပြောဘဲ မျိုသိပ်ထားခြင်း

couple

Relationship တစ်ခုမှာ အရေးအကြီးဆုံးအရာကတော့ တစ်ယောက်ရဲ့ ခံစားချက်များကို အခြားတစ်ယောက်အား ပွင့်ပွင့်လင်းလင်း ပြောပြဖို့ပဲဖြစ်ပါတယ်။ ကိုယ့်အတွက် မကျေနပ်ဘူး။ တရားမျှတမှု မရှိဘူး စတဲ့ ခံစားချက်များ ခံစားရတဲ့အခါ ချက်ချင်းသာ ဖွင့်ပြောပါ။ မျိုသိပ်သည်းခံထားရတဲ့အခါ တစ်ချိန်ချိန်မှာ ကိုယ့်ရဲ့ သည်းခံနိုင်စွမ်း ကုန်ဆုံးသွားမယ်ဆိုရင် နှစ်ယောက်သားရဲ့ ဆက်ဆံရေးက ပြိုကွဲသွားမှာပဲဖြစ်ပါတယ်။

အခြားသူရဲ့ စိတ်ခံစားချက်များကို မှန်းဆခြင်း

couple

ကိုယ့်ချစ်သူက ဘာဖြစ်နေသလဲဆိုတာကို မျက်နှာက အရိပ်တကြည့်ကြည့် ကြည့်နေဖို့လိုအပ်ပါတယ်။ သူ့မျက်နှာ ကွက်ခနဲ ပျက်သွားတဲ့အခါမှာလည်း ဘာ့ကြောင့်ပျက်သွားရလဲဆိုတာကို မေးကြည့်သင့်ပါတယ်။ မမေးကြည့်ဘဲ သူ့ရဲ့စိတ်ကို ခန့်မှန်းနေမယ်ဆိုရင်တော့ ဘာအဖြေမှ ထွက်လာမှာမဟုတ်ပါဘူး။

နှစ်ယောက်သားရဲ့ အနာဂတ်အကြောင်း တစ်ခွန်းမျှ မဟခြင်း

couple save money

သင်တို့ရဲ့ အချစ်ရေး Relationship ကို အချိန်ကြာကြာ တည်တံ့ခိုင်မြဲချင်တယ်ဆိုရင် တစ်ယောက်အပေါ် တစ်ယောက် ကြင်နာဖို့လည်း လိုအပ်သလို နှစ်ယောက်သားရဲ့ အနာဂတ်အကြောင်းကိုလည်း ပွင့်ပွင့်လင်းလင်းဖွင့်ဟတိုင်ပင်ဖို့ လိုအပ်ပါတယ်။ နှစ်ယောက်သားရဲ့ အနာဂတ်အကြောင်း တစ်စိုးတစ်စိမျှ တိုင်ပင်ခြင်း မရှိခြင်းသည် တချိန်ချိန်မှာ နှစ်ယောက်အတူတူ လက်တွဲဖို့ ရည်မှန်းချက်မရှိဘူးလို့ ဖော်ညွှန်းနေတာပဲဖြစ်ပါတယ်။

အလိမ်အညာများ ပြောခြင်း

couple

အလိမ်အညာဆိုရင် ကောင်းတဲ့အလိမ်အညာပဲဖြစ်ဖြစ်၊ မကောင်းတဲ့ အလိမ်အညာပဲဖြစ်ဖြစ် တစ်ခုမှ မပြောသင့်ပါဘူး။ အလိမ်အညာ ပြောတတ်တဲ့အလေ့အကျင့်ကိုလည်း အကျင့်မလုပ်မိဖို့ လိုအပ်ပါတယ်။ အလိမ်အညာ ပြောပါများလာရင် နှစ်ယောက်သားရဲ့ တစ်ယောက်အပေါ် ထားရှိတဲ့ ယုံကြည်ချက်များလည်း တဖြည်းဖြည်း လျော့နည်းသွားမှာပဲဖြစ်ပါတယ်။

ချစ်စနိုးပေးထားတဲ့ နာမည်အတိုင်း မခေါ်ဘဲ နာမည်အရင်းအတိုင်း တပ်ခေါ်ခြင်း

Relationship အပြုအမူ

သင့်ရဲ့ ချစ်သူကို ဘယ်တော့မှ နာမည်အရင်းအတိုင်း နာမည်တပ်မခေါ်သင့်ပါဘူး။ ဒီလိုခေါ်ခြင်းသည် နှစ်ယောက်သားရဲ့ ဆက်ဆံရေးကို အေးတိအေးစက်ဖြစ်သွားစေပြီး သင့်တို့နှစ်ယောက်ကြားရဲ့ Relationship ကို ပျက်စီးသွားစေတဲ့ အပြုအမူ တစ်ခုဖြစ်တာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့ကြောင့် နာမည် တပ်ခေါ်နေမယ့်အစား ချစ်စနိုးနာမည်လေးတွေ ပေးထားကာ ခေါ်သင့်ပါတယ်။ တစ်ယောက်ကို တစ်ယောက် စိတ်ဆိုးတဲ့အချိန်မှာ နာမည်အရင်း တပ်ခေါ်တာကတော့ ခြွင်းချက်ပေါ့။

စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့ချစ်သူကို ဘာမှမပြောပြဘဲ ဝေးဝေးနေခိုင်းခြင်း

Relationship အပြုအမူ

ကိုယ်က စိတ်ညစ်နေချိန်မှာ တစ်ဖက်သားက နှစ်သိမ့်ဖို့ ကြိုးစားပေးဖို့ သင်က “ငါ့ကို တစ်ယောက်တည်း လွှတ်ထားပေးပါ။ ငါနဲ့ ဝေးဝေးမှာ ခဏလောက်နေပေးပါ” စတဲ့ စကားမျိုး မပြောဖို့လိုအပ်ပါတယ်။ ထိုကဲ့သို့ ကိုယ့်ရဲ့ချစ်သူကို ကိုယ့်အနားမှာ မနေခိုင်းခြင်းသည် ကိုယ့်ရဲ့ စိတ်ခံစားချက်များကို ပိတ်လှောင်ထားတာနဲ့တူပြီး သူနဲ့ ကိုယ့်အနားက တဖြည်းဖြည်း ဝေးကွာသွားအောင် ပြုလုပ်နေမိပါတယ်။ တစ်ယောက်ကို တစ်ယောက် ချစ်ကြတဲ့ ချစ်သူတွေသည် အေးအတူ ပူအမျှနှင့် တစ်ယောက်ရဲ့အခက်အခဲကို အခြားတစ်ယောက်က ကူညီဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။ ထိုပြဿနာက သူ ဖြေရှင်းနိုင်သည် ဖြစ်စေ မဖြေရှင်းနိုင်သည်ဖြစ်စေ သူ့ကို ကြိုးစားခွင့်ပေးဖို့ လိုအပ်ပါတယ်။

ကိုယ့်အမှားကို ဝန်မခံဘဲ တစ်ဖက်လူအား အပြစ်တင်ခြင်း

Relationship အပြုအမူ

ဒီအမူအကျင့်ကတော့ ကိုယ့်ချစ်သူအပေါ်မှ မဟုတ်ပါဘူး။ အလုပ်ခွင်ပတ်ဝန်းကျင်၊ လူမှုပေါင်းသင်းဆက်ဆံရေးတိုင်းအတွက် ရှောင်ကြဉ်သင့်တဲ့ အပြုအမူတစ်ခုပဲဖြစ်ပါတယ်။ ကိုယ့်အမှားကို ဝန်ခံဖို့ ကြောက်ရွံ့ပြီး တစ်ဖက်သားအား အပြစ်ဖို့ခြင်းသည် လူညံ့လူဖျင်းတွေရဲ့ အလုပ်ဖြစ်ပါတယ်။ ဖြစ်သင့်တာကတော့ ကိုယ့်ဘက်က အမှားတစ်စုံတစ်ရာ ပြုလုပ်မိပြီဆိုပါစို့ ချက်ချင်း မှားသွားကြောင်း တောင်းပန်သင့်ပါတယ်။ အခြားသူအား အပြစ်ဖို့ခြင်းသည် မကောင်းသော အမူအကျင့်တစ်ခုဖြစ်ပါတယ်။

ကိုယ့်ချစ်သူရဲ့ ယုံကြည်မှုကို ဖျက်ဆီးခြင်း

Relationship အပြုအမူ

Photo: iStock

ယုံကြည်မှုတစ်ခု ခိုင်မြဲဖို့အတွက် တည်ဆောက်ရတာ အချိန်ကြာပါတယ်။ ဒါပေမဲ ထို ယုံကြည်မှု ပျက်စီးသွားဖို့ကတော့ အချိန်ခဏလေးပါပဲ။ ဒါ့ကြောင့် နှစ်ယောက်သားသည် တစ်ယောက်ကို တစ်ယောက် ပွင့်ပွင့်လင်းလင်း ဆက်ဆံပြီး တစ်ယောက်ကို တစ်ယောက် ယုံကြည်ဖို့လိုအပ်ပါတယ်။ လူတကာနဲ့ သဝန်တိုနေခြင်းသည်လည်း ကိုယ့်ချစ်သူရဲ့ အကျင့်စာရိတ္တကို မယုံကြည်လို့ပဲ ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာလည်း ကိုယ့်ရဲ့ ယုံကြည်မှုကို တဖြည်းဖြည်း တည်ဆောက်ယူဖို့လိုအပ်ပါတယ်။

အထက်ဖော်ပြပါ အပြုအမူများကို ရှောင်ကြဉ်ရမယ့်အပြင်

  • သူတို့ကို မကြာခဏ စိတ်ပျက်စေခြင်း
  • ငွေရေး ကြေးရေးနှင့် ပတ်သက်ပြီး ကွယ်ဝှက်ထားခြင်း
  • သူတို့ရဲ့ ပင်ကိုစရိုက်ကို မချစ်ဘဲ ပြောင်းလဲဖို့ ကြိုးစားခြင်း
  • ကိုယ့်ချစ်သူအား အမြဲတစေ ဝေဖန်နေခြင်း

အစရှိတဲ့ အပြုအမူများသည်လည်း ရှောင်ကြဉ်သင့်တဲ့ အချက်တွေဖြစ်တာကြောင့် မပြုလုပ်မိအောင် သတိထားသင့်ပါတယ်။

Source: Bustle

Featured Image: Thestatesman