လက်ရှိမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကိုရိုနာဗိုင်းရပ်ကူးစက်ပြန့်ပွားမှုနှုန်းတွေ အရမ်းကိုများလာပါတယ်။မြန်မာနိုင်ငံမှာ ကူးစက်ခံရသူမရှိသေးသော်လည်း အိမ်နီးချင်းနိုင်ငံတော်တော်များများ ကူးစက်ခံရသူများစွာရှိနေတာကြောင့် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးသောနည်းလမ်းဖြစ်ပါတယ်။ဒီလိုကူးစက်ရောဂါပိုးကြိုတင်ကာကွယ်တဲ့အခါမှာ လက်ဆေးဖို့က မပါမဖြစ်ပါပဲ။
ဆိုရှယ်မီဒီယာတွေပေါ်မှာလက်ဆေးဖို့များစွာတိုက်တွန်းထားကြပြီး ပြင်ပမှာပါလက်ဆေးဖို့ သတိပေးစာတွေ လက်ဆေးဖို့ Hand Gel တွေ လက်ဆေးနိုင်မယ့် ဘေစင်တွေထားရှိထားကြပါတယ်။ဒါကြောင့်သင့်အနေနဲ့ အခုပြောပြမယ့်အရာတွေလုပ်ပြီးတိုင်း လက်ဆေးဖို့သတိရပါ။
(၁) အပြင်ကပြန်ရောက်တိုင်းလက်ဆေးပါ
Source : iStock
အိမ်ပြန်ရောက်ပြီဆိုတာနဲ့ အရင်ဆုံးဘေစင်ကိုသွားပြီး လက်ဆေးသင့်ပါတယ်။လက်ဆိုတာရောဂါပိုးကူးစက်ဖို့အလွယ်ကူဆုံးဖြစ်ပြီး မမြင်နိုင်တဲ့ရောဂါပိုးတွေ ကပ်ညှိနေနိုင်ပါတယ်။ဒါကြောင့် ရုံးကဖြစ်စေ အပြင်ကဖြစ်စေ ပြန်လာတိုင်းအရင်ဆုံးလက်ဆေးဖို့ အကြံပြုချင်ပါတယ်။
(၂) ဘက်စ်ကားစီးပြီးတိုင်းလက်ဆေးပါ
Source : TheJournal
အများအားဖြင့် အလုံပိတ်အခန်းတွေ လူတွေတစ်ယောက်နဲ့တစ်ယောက် ပူးပူးကပ်ကပ်ရှိစေမယ့် နေရာတွေကိုရှောင်ကျဉ်သင့်တယ်ဆိုပေမယ့် နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအတွက်တော့ ဘက်စ်ကားတွေကမဖြစ်မနေအသုံးပြုကြရပါတယ်။ ၁၀ ပေခန့်ကျယ်တဲ့ ဘက်စ်ကားပေါ်မှာ လူပေါင်းများစွာနဲ့ တိုးဝှေ့ပြီး စီးကြရတဲ့အခါ ဘက်စ်ကားတွေမှာပါတဲ့ လက်ကိုင်တန်းတွေ ခုံတွေမှာ ရောဂါပိုးတွေရှိမနေနိုင်ဘူးလို့ဘယ်သူမှမပြောနိုင်ပါဘူး။ဒါကြောင့် ဘက်စ်ကားပေါ်ကဆင်းတာနဲ့ လက်ဆေးဖို့ သတိပြုစေခချင်ပါတယ်။အနည်းဆုံး Hand Gel နဲ့ လက်ကိုသန့်စင်ပေးပါ။
(၃) အများသုံးတံခါးလက်ကိုင်တွေကိုင်ပြီးတိုင်းလက်ဆေးပါ
Source : Shutterstock
လူအများနဲ့ အသုံးပြုရတဲ့ ရုံးတွင်းက တံခါးတွေ ဓာတ်လှေကား ခလုတ်တွေမှာလည်း ရောဂါပိုးတွေများစွာကပ်ညှိတွယ်နေနိုင်ပါတယ်။မိမိနေအိမ်ကတံခါးတွေမှာက ကိစ္စမရှိပေမယ့် ရုံးတံခါးတွေ ဈေးဝယ်စင်တာကတံခါးတွေ ဓာတ်လှေကားခလုတ်တွေက နေ့စဉ်လူအများအသုံးပြုနေတာဖြစ်တဲ့အတွက် မမြင်နိုင်တဲ့ရောဂါပိုးတွေများစွာရှိနေနိုင်တာကြောင့် ဒီလိုအရာတွေကိုင်တွယ်ပြီးတိုင်း မဖြစ်မနေလက်ဆေးဖို့ သတိပြုသင့်ပါတယ်။
(၄) ပိုက်ဆံနဲ့ ဖုန်းတွေကိုင်ပြီးတိုင်းလက်ဆေးပါ
Source : Reader’s Digest
နေ့စဉ်လူတွေအသုံးများဆုံးထိတွေ့ကိုင်တွယ်နေရတဲ့အရာတွေထဲမှာ ဖုန်းတွေ ပိုက်ဆံတွေက အများဆုံးပါပါတယ်။ ပစ္စည်းတစ်ခုခုဝယ်ပြီးတိုင်း ဆိုင်ကပြန်အမ်းတဲ့ ပိုက်ဆံကိုအလွယ်တကူဘဲ ကိုင်တွယ်လိုက်မိတက်ကြပါတယ်၊ဒီလိုလူပေါင်းများစွာကိုင်တွယ်ထားတဲ့ ပိုက်ဆံမှာရောဂါပိုးတွေများစွာကပ်တွယ်နေနိုင်တာမျိုးကို မမေ့ထားသင့်ပါဘူး။နောက်ပြီးဖုန်းတွေမှာလည်း မမြင်နိုင်တဲ့ရောဂါပိုးတွေရှိနေနိုင်တာကြောင့် ပိုက်ဆံတွေ ဖုန်းတွေကိုင်ပြီးတိုင်းမှာ လက်ဆေးဖို့ မမေ့ဖို့ အကြံပြုချင်ပါတယ်။
အကောင်းဆုံးကတော့ တစ်ကိုယ်ရည်သုံး လက်သန့်ဆေးရည်ဗူးလေးတွေကို ကိုယ်နဲ့ မကွာဆောင်ထားသင့်ပါတယ်။ နာရီဝက် သို့မဟုတ် တစ်နာရီ တစ်ခါလောက် စိတ်ထဲမသန့်ရင်မသန့်သလို လက်ဆေးပေးပါ။ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ထိရောက်တာမလို့ လက်ဆေးဖို့မမေ့ကြနဲ့နော်။