သုတေသနလေ့လာမှုအသစ်တွေအရ လေထုညစ်ညမ်းမှုနဲ့ မှတ်ဉာဏ်ထိခိုက်မှုအကြား ဆက်စပ်မှုရှိနိုင်တယ်လို့ ယူဆလာကြပါတယ်။ ကမ္ဘာတစ်လွှားမှာ မှတ်ဉာဏ်ထိခိုက်မှုနဲ့ဆိုင်တဲ့ ရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်နေပြီး သိပ္ပံပညာရှင်တွေဟာ ဒီလိုဖြစ်ရခြင်းရဲ့ အကြောင်းရင်းနဲ့ အဖြေတွေကို ရှာဖွေနေပါတယ်။

မကြာသေးခင်က ထွက်ပေါ်လာတဲ့ သုတေသနအရ လေထုညစ်ညမ်းတဲ့ နေရာတွေမှာ နေထိုင်တဲ့ လူငယ်တွေရဲ့ ဦးနှောက်တွေထဲမှာ သိမှတ်မှုဆိုင်တဲ့ ရောဂါတချို့ရဲ့ အမှတ်အသားတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒီတွေ့ရှိမှုကြောင့် သုတေသီတွေဟာ သိမှတ်မှု ကျန်းမာရေး နဲ့ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုအကြေား ဆက်သွယ်မှုရှိမရှိဆိုတဲ့အပေါ် အာရုံစိုက်လေ့လာဖြစ်တာပါ။

Photo: The Scientist Magazine

ဒီလေ့လာမှုမှာ တက္ကသိုလ်အမျိုးမျိုး ၊ သုတေသစင်တာအသီးသီးမှ ပညာရှင်တွေ ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ သုတေသနမှာ ယူကေ ၊ မက္ကဆီကို ၊ အမေရိကန် ၊ ဂျာမနီ ၊ အိန္ဒိယမှ ပညာရှင်တွေ ပါဝင်ခဲ့ပါတယ်။ မက္ကဆီကိုစီးတီးမှာ ဒီပညာရှင်တွေဟာ လူပေါင်း ၁၈၆ ‌ယောက်ကို သုတေသနပြုခဲ့ပါတယ်။

အသက်အရွယ်အားဖြင့် ၁၁ လသားကနေ ၂၇ နှစ်အရွယ်အထိ ပါဝင်ခဲ့ပါတယ်။ မက္ကဆီကိုစီးတီးမြို့မှာ သုတေသနလုပ်ဖို့ ရွေးလိုက်ရခြင်းကတော့ ၁၉၉၂ ခုနှစ် WHO ဟာ ဒီမြို့ကို ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့အဖြစ် သတ်မှတ်ခဲ့လို့ ဖြစ်ပါတယ်။

အခုချိန်ထိလည်း မက္ကဆီကိုစီးတီးဟာ လေထုညစ်ညမ်းမှုမြင့်မားဆဲ ဖြစ်ပြီး လူဦးရေအားဖြင့်လည်း မက္ကဆီကိုမှာ လူဦးရေအမြင့်ဆုံးမြို့ ဖြစ်နေပါတယ်။


Source : Wired UK

သုတေသီတွေဟာ လေ့လာမှုမှာ ပါဝင်သူတွေရဲ့ ဦးနှောက်ပင်မအပိုင်းတွေကို သရုပ်ခွဲလေ့လာခဲ့ရာကနေ အယ်လ်ဇိုင်မား ၊ ပါကင်ဆန် နဲ့ မော်တာနျူရွန်ရောဂါ MND ရောဂါတို့ရဲ့ လက္ခဏာတွေ တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ လေထုညစ်ညမ်းမှု အဖြစ်နည်းတဲ့ ဒေသမှာနေထိုင်သူတွေကတော့ အဲဒီလိုလက္ခဏာတွေ မရှိဘူးလို့လည်း ဖော်ပြထားပါတယ်။