ဒီနေ့ခေတ်မှာ Resumeကောင်းကောင်း မရေးပဲ အလုပ်ရဖို့ဆိုတာ မလွယ်တော့ပါဘူး။ အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့ အရည်အချင်းတွေကို အလုပ်ခေါ်သူတွေ သဘောကျအောင် ပရော်ဖက်ရှင်နယ်ကျကျ ဆွဲဆောင်တက်ဖို့ လိုပါတယ်။ ဒီနေရာမှာ အရေးကြီးဆုံးက Resume ပါပဲ။ အလုပ်ကောင်းကောင်းတစ်ခု လိုချင်တယ်ဆိုရင် Resume ကောင်းတစ်ခု အရင်ဆုံးပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ကိုယ်တင်ပြလိုက်တဲ့ Resume ဟာ အင်တာဗျူး ခေါ်ဖို့ ၊ အလုပ်ခန့်ဖြစ်ဖို့ များစွာ အထောက်အပံ့ဖြစ်စေတာကြောင့် Resume ရေးတဲ့အခါ ရှောင်ကြဉ်ရမယ့် အမှား တွေကို မျှဝေပေးချင်ပါတယ်။

(၁) စာလုံးပေါင်း သတ်ပုံ ဂရုစိုက်ပါ

Photo : ALIS – Government of Alberta

ဒါဟာResume ရေးတဲ့အခါ အများဆုံး မှားတက်ကြပေမယ့် မမှားသင့်တဲ့ အမှားတစ်ခု ဖြစ်ပါတယ်။ စာလုံးပေါင်း သတ်ပုံတွေ ၊ Grammar အသုံးအနှုန်းတွေနဲ့ ပတ်သတ်ပြီး သေချာမှုသိပ်မရှိရင် အင်တာနက်က ဖြစ်ဖြစ် ၊ ကျွမ်းကျင်သူတွေကနေ တဆင့်ဖြစ်ဖြစ် မေးမြန်းပြီး စစ်ဆေးကြည့်ပါ။ အလုပ်ခေါ်သူထံ ကိုယ့်ရဲ့ Resumeကိုမတင်ပြမီ အမှားကင်းမကင်း အနည်းဆုံး ၂ ခေါက်လောက် စစ်ဆေးသင့်ပါတယ်။

(၂) စကားလုံးတစ်ခုတည်းကို ထပ်တလဲလဲအသုံးပြုခြင်း ရှောင်ပါ

Photo : MyPerfectResume

Resume ကိုကြည့်လိုက်တာနဲ့ ရှင်းလင်းပြတ်သားပြီး တစ်ဖက်လူ နားလည်လွယ်တဲ့ ပုံစံမျိုး ဦးစားပေး ရေးသားသင့်ပါတယ်။ စာကြောင်းတစ်ကြောင်း ၊ စာလုံးတစ်လုံးစီတိုင်းက ထိထိရောက်ရောက်နဲ့ ဆွဲဆောင်မှုရှိနေဖို့ လိုပါတယ်။ တချို့ ကိုယ်ရေးအချက်အလက်နဲ့ စကားလုံးတွေကိုတော့ မလိုအပ်ဘဲ ထပ်ခါထပ်ခါဖော်ပြတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ စကားလုံးတစ်ခုတည်းကို ထပ်တလဲလဲ အသုံးပြုတာက ငြီးငွေ့စရာကောင်းပြီး Resumeဖတ်သူအဖို့ စိတ်ရှုပ်ထွေးမှုကို ဖြစ်စေနိုင်ပါတယ်။

(၃) မမှန်ကန်တဲ့ ကိုယ်ရေးအချက်အလက်တွေ မထည့်ပါနဲ့

Photo : Forbes

Resumeမှာ မမှန်ကန်တဲ့ ကိုယ်ရေးအချက်အလက်တွေ ၊ လုပ်ငန်းအတွေ့အကြုံတွေ ထည့်ရေးတာက အလုပ်ရှင်ကို ပိုမိုဆွဲဆောင်စေနိုင်မယ့် အချက်တစ်ခု မဟုတ်ပါဘူ။ Resume ရေးတဲ့အခါမှာ ရိုးသားမှုရှိဖို့ကလည်း အရေးကြီးပါတယ်။ အရင်က ဘာအလုပ်တွေ လုပ်ခဲ့တယ် ၊ လုပ် ငန်း အတွေ့အကြုံ ဘယ်လောက်ရှိတယ် ၊ ဘယ်အရာတွေမှာ အားသာချက်ရှိတယ် စတဲ့အချက်တွေကို ဖော်ပြရာမှာ မှန်မှန်ကန်ကန်နဲ့ အရှိအတိုင်း စိတ်ဝင်စားဖို့ကောင်းအောင် ရေးသားသင့်ပါတယ်။

(၄) အသေးစိတ်အချက်အလက် ပြည့်ပြည့်စုံစုံထည့်ရေးပါ

Photo : The Balance Careers

ကိုယ့်ဆီ ဆက်သွယ်ရမယ့် လိပ်စာ ၊ အီးမေးလ် ၊ ဖုန်းနံပါတ် စတဲ့ Contact Information အသေးစိတ်အချက်အလက်တွေကိုလည်း ပြည့်စုံအောင် ထည့်ရေးပေးဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ဆီ အမြဲဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် ၂ ခုလောက် အနည်းဆုံးထည့်ရေးပါ။ ကိုယ့်ရဲ့ အောင်မြင်မှု မှတ်တမ်းတွေ ၊ ဘွဲ့လက်မှတ် ၊ ကျွမ်းကျင်မှုဆိုင်ရာ အထောက်အထားပြ စာရွက်စာတမ်းတွေ ၊ အရင်အလုပ်တွေမှာ စွမ်းဆောင်ခဲ့ဖူးတဲ့ ထူးချွန်မှတ်တမ်းတွေနဲ့ ပရောဂျက်တွေကိုပါ  တစ်ခါတည်း အချက်အလက်စုံလင်စွာ စုစည်းတင်ပြပေးနိုင်မယ်ဆိုရင် ပိုပြီးထိရောက်မှုရှိစေမှာ ဖြစ်ပါတယ်။

Featured Photo : Forbes