လူတစ်ယောက်နဲ့တစ်ယောက်က အကြိုက်ချင်းမတူကြပါဘူး။ တချို့က ဟာသကားတွေပဲ ကြိုက်ကြပြီး သရဲကားတို့ လူသတ်ကားလိုမျိုး ကြောက်စရာ၊ ထိတ်လန့်ရင်တုန်စရာဆိုရင် လုံးဝမကြည့်ရဲကြပါဘူး။ တချို့ကျတော့လည်း သည်းထိတ်ရင်ဖိုဇာတ်ကားကိုမှ ကြည့်ရတာ နှစ်သက်ကြပါတယ်။ Kwee ရဲ့ ရုပ်ရှင်ချစ်သူတွေရော ဘယ်အမျိုးအစားထဲမှာ ပါကြလဲ။

သည်းထိတ်ရင်ဖိုဇာတ်ကားတွေကို ကြိုက်တယ်ဆိုရင်တော့ ဒီတစ်ပတ်မှာ Us ဆိုတဲ့ ဇာတ်ကားရုံတင်နေပြီဆိုတာ အရင်ဆုံးလက်တို့ပေးလိုက်ချင်ပါတယ်။

Source: amctheatres.com

ဒီကားရဲ့ဒါရိုက်တာကတော့ Jordan Peele ပါ။ သူက ၂၀၁၇ ခုနှစ်တုန်းကလည်း Get Out ဆိုတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားရဲ့ ဖန်တီးရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ပါတယ်။ Get Out ကို ကြိုက်နှစ်သက်သူတွေအတွက် Us က Get Out ထက် ပိုမိုက်လို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလိုပါ။

Adelaid Wilson ဆိုတဲ့ အမျိုးသမီးက သူမအမျိုးသားရယ်၊ သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့ ပျော်ရွှင်ဖွယ်မိသားစုဘဝကို ပိုင်ဆိုင်ထားတဲ့သူပါ။ တစ်ရက်မှာတော့ သူ ငယ်ငယ်ကကြီးပြင်းခဲ့တဲ့ ပင်လယ်ကမ်းခြေနားက အိမ်ဆီသို့ သူမမိသားစုနဲ့ အတူတူ အလည်တစ်ခေါက်ပြန်လာခဲ့တယ်။ အတိတ်က စိတ်ဒဏ်ရာတစ်ခုကြောင့် မကောင်းတဲ့အရာတစ်ခုခု ဖြစ်ပျက်တော့မယ်ဆိုပြီး စိတ်တထင့်ထင့်နဲ့ သူမ စိုးရွံ့နေခဲ့တယ်။

Source: complex.com

ဒီလိုနဲ့ မှောင်မိုက်တဲ့ညတစ်ညမှာ မျက်နှာဖုံးနဲ့ လူစိမ်းလေးယောက်က သူမ အိမ်ရှေ့ရောက်လာတဲ့အခါမှာတော့ သူမရဲ့အကြောက်တရားတွေက အမှန်တကယ်ဖြစ်လာခဲ့တယ်။ အဲ့ဒီလူစိမ်းတွေက အကြောင်းပြချက်မပေးဘဲ သူတို့မိသားစုကို ရန်ရှာသတ်ဖြတ်ဖို့ ကြိုးစားတော့တာပေါ့။

သူမ ကလေးဘဝတုန်းက ဘယ်လိုအရာတွေနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတာလဲ။ ဒီလူစိမ်းတွေကရော သူမကို ဘာလို့တိုက်ခိုက်နေကြတာလဲ။ အန္တရာယ်ကြားထဲကသူတို့မိသားစုလေး လွတ်မြောက်ပါ့မလားစတဲ့ မေးခွန်းပေါင်းများစွာနဲ့ ကြည့်နေရတဲ့သူကို ဘာဖြစ်တော့မှာလဲ၊ ဘာဖြစ်တော့မှာလဲ ရင်တထိတ်ထိတ်ဖြစ်အောင် ဇာတ်လမ်းနဲ့ အတူတူစီးမျောသွားအောင် ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားတစ်ကားပါပဲ။

Source: complex.com

ဇာတ်လမ်းဇာတ်ကွက်ကလည်း ပုံမှန်မြင်နေကျ သည်းထိတ်ရင်ဖိုဇာတ်ကားတွေလိုမျိုး မဟုတ်ဘဲ သစ်ဆန်းတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ ရုပ်ရှင်ထွေလာ အမြည်းပြသပေးထားတယ်ဆိုတာ ဇာတ်လမ်းရဲ့ ၁၀ ပုံ ၁ ပုံစာတောင် မရှိပါဘူး။ တော်တော်လေးကို ဖုံးဖိထားပြီး ပိရိတဲ့ထွေလာပါ။ သရုပ်ဆောင်တွေအားလုံးကလည်း ကိုယ့်တာဝန်ကိုယ်ကျေအောင် အပိုအလိုမကျ ကွက်တိကျအောင်သရုပ်ဆောင်ထားကြတာကို တွေ့မြင်ရပါလိမ့်မယ်။ ဇာတ်လမ်းပြီးခါနီးမှာ ဇာတ်လမ်းမြှုပ်ကွက်တွေ၊ လှည့်ကွက်တွေနဲ့ အဆုံးသတ်ပေးထားတာ ရုပ်ရှင်ကြည့်နေတဲ့သူကို အံ့သြမှင်သက်သွားစေပါတယ်။ ရုပ်ရှင်ကြည့်ပြီးသွားတဲ့နောက်မှာ ကိုယ်ပေးရတဲ့ငွေပမာဏနဲ့ ဒီရုပ်ရှင်ကြည့်ရတာ တန်ပါလားလို့ ခံစားသွားစေပါတယ်။

Source: slashfilm.com

ဒီဇာတ်ကားကို Junction City ၊ Junction Square နဲ့ City Mall (St.John) တို့မှာ ရုံတင်နေပါတယ်။ ပိတ်ရက်နဲ့ ကြားရက် ပွဲချိန်တွေက အချိန်အပြောင်းအလဲရှိတဲ့အတွက်ကြောင့် ပွဲချိန်လေးတွေ သေချာသတိပြုဖို့တော့ လိုမယ်နော်။

Feature Image Source: joblo.com