ဂေါက်ရိုက်ကစားနည်းဟာ ကမ္ဘာပေါ်မှာ စတုတ္ထအချမ်းသာဆုံးအားကစားတစ်ခု ဖြစ်ပါတယ်။ US Open ၊ PGA Championship ၊ Masters Tournament ၊ British Open Championships စသည်ဖြင့် ထိပ်ထိပ်ကြဲ ဂေါက်ရိုက်ပြိုင်ပွဲတွေ ရှိကြသလို ပွဲတစ်ပွဲချင်းစီဟာလည်း ဂုဏ်သိက္ခာနဲ့ ဆုသန်းပေါင်းများစွာ ကမ်းလှမ်းထားကြတာပါ။
ပရော်ဖက်ရှင်နယ် Golfer တွေဟာလည်း ဒေါ်လာသန်းနဲ့ချီချမ်းသာနိုင်ကြပါတယ်။ အခုပြောမှာက ပိုင်ဆိုင်မှုအရ ခေတ်အဆက်ဆက်မှာ အချမ်းသာဆုံးလို့ သတ်မှတ်ထားတဲ့ ဂေါက်ရိုက်သမားတွေအကြောင်း ဖြစ်ပါတယ်။
(၅) Greg Norman

Photo: Worldwide Golf
၁၉၇၆ မှာ ပရော်ဖက်ရှင်နယ် ဂေါက်ရိုက်သမားဖြစ်လာတဲ့သူဟာ အသားတင် ဒေါ်လာသန်း ၃၀၀ ချမ်းသာတယ်လို့ ဆိုပါတယ်။ တရားဝင် ကမ္ဘာ့ဂေါက်အဆင့်သတ်မှတ်ချက်မှာ ရက်သတ္တပတ် ၃၃၁ ပတ်ကြာအောင် ရပ်တည်ခဲ့သူလည်း ဖြစ်ပြီး ဂေါက်ရိုက်ခြင်းအပြင် မျက်မှန်ကနေ စားသောက်ကုန်လုပ်ငန်း ၊ ဂေါက်အကယ်ဒမီ ၊ ဇိမ်ခံအိမ်ရာအထိ စီးပွားရေးလုပ်ငန်းတွေ ဒါဇင်နဲ့ချီပြီး လုပ်ပါတယ်။
(၄) Jack Nicklaus

Photo: Worldwide Golf
ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၁၁၈ ပွဲနိုင်ပြီး အဓိကဆုဖလား ၁၈ ဆု ပိုင်ခဲ့တဲ့ Jack Nicklaus ကလည်း အကြီးကျယ်ဆုံးဂေါက်ရိုက်သမားတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ထားပါတယ်။ သူ့ရဲ့ ချမ်းသာမှုဟာ ဒေါ်လာသန်း ၃၂၀ ခန့် ရှိပါတယ်။ Memorial Tournament ရဲ့ တည်ထောင်သူလည်း ဖြစ်သလို သူ့သား ၄ ဦးနဲ့ သမက်တို့ရဲ့ လုပ်ဆောင်နေတဲ့ Nicklaus Design မှာလည်း အစုစပ်ပါဝင်ထားပါတယ်။
(၃) Phil Mickelson

Photo: Worldwide Golf
Lefty လို့ လူသိများတဲ့ Phil Mickelson ဟာ ၁၉၉၂ မှာ ပရိုဂေါက်ရိုက်သမားဖြစ်လာခဲ့သူပါ။ PGA Tour မှာ Majors ဖလား ငါးလုံးနဲ့ ၄၄ ပွဲနိုင်ခဲ့ပြီးစုစုပေါင်း ဆုကြေး ၈၂ သန်းအထိ ရခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ချမ်းသာမှုက ဒေါ်လာသန်း ၄၀၀ ခန့် ရှိပါတယ်။
(၂) Arnold Palmer

Photo: Worldwide Golf
The King of Golf လို့ ခေါ်ကြတဲ့ Arnold Palmer ဟာ ဒေါ်လာသန်း ၇၀၀ အထိ ချမ်းသာသူ ဖြစ်ပါတယ်။ PGA Tour ပွဲ ၆၂ပွဲနဲ့ အဓိကဖလား ၇ လုံးဆုရှင်လည်း ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး အားကစားနဲ့ Talent အေဂျင်စီတစ်ခုဖြစ်တဲ့ IMG လည်း ပိုင်ဆိုင်သလို သူ့နာမည်နဲ့ လီမွန်တီးအမှတ်တံဆိပ်လည်း ထုတ်ပါတယ်။ စွန့်ဦးတီထွင်သူတစ်ဦးလည်း ဖြစ်သလို နာမည်ကြီး Rolex ၊ Hertz ၊ Cadillac ၊ MasterCard နဲ့ Sears စတဲ့ ကုမ္ပဏီနဲ့ အမှတ်တံဆိပ်တွေအတွက်လည်း ရောင်းအားမြှင့်တင်ရေးလုပ်ပေးပါတယ်။
(၁) Tiger Woods

Photo: Worldwide Golf
Tiger Woods ဟာ ဂေါက်ရိုက်သမားတွေထဲမှာ အချမ်းသာဆုံးလို့ ဆိုပါတယ်။ ဒေါ်လာသန်း ၈၀၀ လောက် ပိုင်ဆိုင်တဲ့သူဟာ အသက် ၂၀ ကတည်းက ပရော်ဖက်ရှင်နယ် ဂေါက်ရိုက်သမားဖြစ်လာခဲ့သူဖြစ်ပြီး အကျော်ကြားဆုံးအားကစားသမားတစ်ဦးအဖြစ်လည်း အသိအမှတ်ပြုခံထားရပါတယ်။ Presidential Medal of Freedom ချီးမြှင့်ခံထားရတဲ့ လေးဦးမြောက် ဂေါက်ရိုက်သမားလည်း ဖြစ်ပါတယ်။
