ဖီးလ်ဂျုံးစ်က မန်ချက်စတာယူနိုက်တက် အကယ်ဒမီထွက် ကစားသမားတွေ ပထမအသင်းမှာ ပါဝင်ကစားနိုင်မယ့် အခွင့်အရေးကို ပိတ်ဆို့နေတယ်လို့ ရီယို ဖာဒီနန်က ယုံကြည်နေပြီး အသက် ၂၉ နှစ်အရွယ် အင်္ဂလန် နောက်ခံကစားသမားအနေနဲ့ အိုးထရက်ဖို့ဒ်ကို စွန့်ခွာသင့်တာ နှစ်တော်တော်ကြာခဲ့ပြီလို့ ပြောကြားခဲ့ပါတယ်။
ဂျုံးစ်ဟာ ၂၀၂၀ ဇန်နဝါရီလကတည်းက ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရပြီးနောက် ပြီးခဲ့တဲ့အပတ် ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပြန်လည် ကစားပေးနိုင်ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်နောက်ခံကစားသမားဟာ ယခုနွေရာသီ ရာသီကြိုလေ့ကျင့်ရေးမှာ ပါဝင်ခဲ့ပြီး ယခုလအစောပိုင်းမှာ ရာဖေးလ် ဗာရန်း ရောက်ရှိလာမှုကြောင့် ပုံမှန်ပွဲထွက်ခွင့်ဟာ အလွန်နည်းပါးသွားပြီဖြစ်ပေမယ့်လည်း ပထမအသင်းမှာ ပြန်လည်ပါဝင်ကစားပေးဖို့အတွက် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

Photo: mirror
ဖာဒီနန်က ဖီးလ်ဂျုံးစ်ရဲ့ထွက်ခွာမှုက ဖြစ်သင့်တဲ့အချိန်ထက်ကို အများကြီး ကျော်လွန်နေပြီလို့ ယုံကြည်နေပြီး ယူနိုက်တက်ဗဟိုခံစစ်ကစားသမားအနေနဲ့ ၂၀၁၉ ခုနှစ်မှာ ရိုးမားအသင်းကို စမောလင်း မပြောင်းရွှေ့မီကတည်းက ရောင်းထုတ်ခြင်းခံခဲ့ရသင့်တာလို့ ခံစားနေရတာဖြစ်ပါတယ်။ ဖာဒီနန်က ၂၀၁၉ ခုနှစ်မှာ ဖီးလ် ဂျုံးစ်ကို ၄ နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ ယူနိုက်တက် ထိပ်ပိုင်းတာဝန်ရှိသူတွေကိုလည်း ဝေဖန်ပြစ်တင်ခဲ့ပြီး လူငယ်ကစားသမားတွေအတွက် တက်လမ်း ပိတ်ဆို့ထားသူအဖြစ် ရှုမြင်နေတာဖြစ်ပါတယ်။
“သူက အခုအချိန် လူစာရင်းထဲမှာ လူငယ်ကစားသမားတွေရဲ့ နေရာကို ယူနေပါတယ်။ သူ့မှာ ဒဏ်ရာတွေ အများကြီး ရရှိခဲ့တယ်။ ကျွန်တော်က ဖီးလ် ဂျုံးစ်နဲ့ တစ်သင်းတည်း အတူတူ ကစားခဲ့တာပါ။ သူ ဘလက်ဘန်းကနေ ချာတိတ်လေးအဖြစ်နဲ့ ရောက်လာခဲ့တယ်။ အားလုံးက သူဟာ အရမ်းကောင်းတဲ့ ကစားသမားဖြစ်လာလိမ့်မယ်လို့ ပြောခဲ့ကြပါတယ်”

Photo: Sports Mole
“ကြီးမားတဲ့ အလားအလာတွေရှိပေမယ့် ဒဏ်ရာပြဿနာတွေက သူ့ရဲ့ ကစားသမားဘဝကို နှောင့်နှေးကြန့်ကြာစေခဲ့ပြီး အဲဒီလိုအချိန်မှာပဲ ကိုယ့်ကိုကိုယ် ယုံကြည်မှုကလည်း ပြဿနာဖြစ်လာခဲ့ပါတယ်။ သူ ဘယ်တုန်းကမှ အသင်းမှာ သူ့ကိုယ်သူ အပြည့်အဝ သက်သေမပြသနိုင်ခဲ့ပါဘူး။ အဲဒီက ဒဏ်ရာ ရထားတာ၊ မရထားတာနဲ့ မဆိုင်ပါဘူး။ ခြေစွမ်းပျောက်ဆုံးနေတာ၊ ယုံကြည်မှု ပျောက်ဆုံးနေတာပါ”
“သူ ထွက်သွားသင့်တာ နှစ်တော်တော်ကြာနေပြီလို့ ကျွန်တော် ထင်ပါတယ်။ စမောလင်း မထွက်သွားခင်ကတည်းက သူ ထွက်သွားခဲ့သင့်တာပါ။ အသင်းသစ်ရှာပြီး ဘောလုံးပုံမှန်ကစားချိန်ရအောင် လုပ်ရမှာပါ။ မန်ယူနိုက်တက်က သူ့ရဲ့ကစားသမားဘဝတလျှောက်လုံး ခြေစွမ်းတည်ငြိမ်မှု ကင်းမဲ့ခဲ့ပါတယ်။ အဲဒါက ကျွန်တော် စောစောက ပြောခဲ့တဲ့ အကြောင်းအရင်းတွေအားလုံးအတွက် အဓိကပြောချင်တဲ့အချက်ပဲ”လို့ ပြောကြားခဲ့ပါတယ်။
Featured Photo: FourFourTwo
