ဘာစီလိုနာဂန္တဝင်တိုက်စစ်မှူး ရီဗယ်ဒိုက ယခုရာသီမှာ ဘာစီလိုနာအသင်းအနေနဲ့ ချန်ပီယံလိဂ်ဖလားရနိုင်မယ့် အခွင့်အရေးလိုချင်တယ်ဆိုရင် တိုက်စစ်မှူးတွေ ပိုမိုခေါ်ယူရမယ်လို့ သတိပေးခဲ့ပါတယ်။
ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူးက တိုက်စစ်ကစားသမားသစ်ခေါ်ယူချင်က နူးကမ့်ကို ဥရောပအောင်မြင်မှု သယ်ဆောင်လာနိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး အထူးသဖြင့် မကြာသေးမီက လူငယ်ကြယ်ပွင့်တိုက်စစ်မှူး အန်ဆူဖာတီ ၄ လလောက်နားရမယ့်ဒဏ်ရာရရှိသွားခဲ့တာကြောင့် ပိုမိုလိုအပ်လာခဲ့ပြီဖြစ်ပါတယ်။

Photo: Betfair Betting
“ဘာစီလိုနာအနေနဲ့ အန်ဆူဖာတီ ဒဏ်ရာမရခင်ကတည်းက နောက်ထပ်တိုက်စစ်မှူးတစ်ယောက်ယောက်ကို ခေါ်သင့်တယ်လို့ တွေးခဲ့မိပါတယ်။ အဲဒီတော့ အခုဆိုရင် ကျွန်တော် အဲဒါကို ပိုတောင်တွေးနေမိပါတယ်”
“သူတို့တွေ ချန်ပီယံလိဂ်ဖလားအတွက် တိုက်ပွဲဝင်ချင်တယ်ဆိုရင် တိုက်စစ်မှူး ၁ ယောက် ဒါမှမဟုတ် ၂ ယောက်လောက်ကို ခေါ်ယူဖို့ ကြိုးပမ်းသင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

Photo : Daily Mail
ဘာစီလိုနာအသင်းဟာ ယခုနွေရာသီမှာ ဝါရင့်တိုက်စစ်မှူး လူးဝစ္စဆွာရက်ဇ်ကို လာလီဂါပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်အသင်းကို ထွက်ခွာခွင့်ပေးခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းရဲ့သွင်းဂိုးတွေအတွက် လီယွန်နယ်မက်ဆီနဲ့ အန်ဆူဖာတီတို့အပေါ်မှာသာ အားထားနေရတာဖြစ်ပါတယ်။
