ဘိုင်ယန်မြူးနစ်ကြယ်ပွင့်တိုက်စစ်မှူး ရောဘတ် လီဗန်ဒေါ့ဗ်စကီးဟာ ဖီဖာရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို လီဗာပူးလ်ကြယ်ပွင့် မိုဟာမက် ဆာလားနဲ့ ပီအက်စ်ဂျီကြယ်ပွင့် လီယွန်နယ် မက်ဆီတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Robert Lewandowski celebrated his individual award

Photo: Twitter

အသက် ၃၃ နှစ်အရွယ် ပိုလန်တိုက်စစ်မှူးဟာ စိတ်လှုပ်ရှားဖွယ် ဂိုးသွင်းစွမ်းရည်ပိုင်ဆိုင်နေခဲ့တာဖြစ်ပြီး ကလပ်အသင်းနဲ့ နိုင်ငံအတွက် ၂၀၂၁ ခုနှစ်အတွင်း ၆၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗန်ဒေါ့ဗ်စကီးရဲ့ မယုံနိုင်ဖွယ် တိကျတဲ့အဆုံးသတ်ကြောင့် ၂၀၂၀-၂၀၂၁ ရာသီအတွင်း ဘွန်ဒက်စ်လီဂါ ၂၉ ပွဲမှာ ၄၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂတ်မူလာရဲ့ စံချိန်ဟောင်းကို ရိုက်ချိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ပိုလန်အသင်းခေါင်းဆောင်ဟာ တနင်္လာနေ့ညက ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ ကျင်းပခဲ့တဲ့ ဖီဖာရဲ့ ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်တုန်းကလည်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ မက်ဆီတို့ကို ကျော်ဖြတ်ပြီး ဆုရရှိခဲ့တာဖြစ်ပါတယ်။

Lewandowski crowed FIFA's Best Award

Photo: FIFA

“ကျေးဇူးအများကြီး တင်ပါတယ်။ ကျွန်တော် ဒီဆုကို ရရှိခဲ့လို့ အရမ်းဂုဏ်ယူမိပါတယ်။ အဲဒါက ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့ နည်းပြတွေနဲ့ သက်ဆိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်တို့ ပွဲစဉ်တွေကို အနိုင်ရဖို့ ပြင်းပြင်းထန်ထန် အလုပ်လုပ်ခဲ့ရတယ်။ ကျွန်တော့်နားမှာရှိနေတဲ့ ဒီလူတွေနဲ့ အလုပ်လုပ်ရတာ ထူးခြားပါတယ်”

“ကျွန်တော် ဘယ်တုန်းကမှ ဂတ် မူလာရဲ့ စံချိန်ကို ချိုးဖျက်ဖို့ အိပ်မက် မမက်ခဲ့ဖူးပါဘူး။ ၂၉ ပွဲမှာ ၄၁ ဂိုး သွင်းယူဖို့က ခင်ဗျား လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ကျွန်တော့်ကို အဲဒီလို သွင်းဖို့ ဖြစ်နိုင်လားလို့ မေးရင် အဲဒါက မဖြစ်နိုင်ဘူးလို့ ကျွန်တော် ပြောမှာပါ။ ကျွန်တော် သူ့ကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ သူက စံချိန်တွေ အများကြီး ရေးထိုးခဲ့ပြီး ကျွန်တော့်အတွက်တော့ အမြဲတမ်း ချိုးဖျက်ဖို့ ကြိုးပမ်းနေရတဲ့ နောက်ထပ် ခြေလှမ်းဖြစ်ခဲ့ပါတယ်”လို့ လီဗန်ဒေါ့ဗ်စကီးက ပြောကြားခဲ့ပါတယ်။

Cristiano Ronaldo with special award

Photo: AS

ဖီဖာရဲ့ ဆုရရှိသူစာရင်း

အကောင်းဆုံးအမျိုးသားကစားသမားဆု- ရောဘတ် လီဗန်ဒေါ့ဗ်စကီး(ဘိုင်ယန်မြူးနစ်၊ ပိုလန်)

အကောင်းဆုံးအမျိုးသမီး ကစားသမားဆု- အလက်စီယာ ပူတဲယက်စ်(ဘာစီလိုနာ၊ စပိန်)

အကောင်းဆုံးအမျိုးသား နည်းပြဆု- သောမတ်စ် တူဟယ်(ချဲလ်ဆီး)

အကောင်းဆုံးအမျိုးသမီး နည်းပြဆု- အမ်မာ ဟေးစ်(ချဲလ်ဆီး)

အကောင်းဆုံးအမျိုးသားဂိုးသမားဆု- အေဒူယာ မန်ဒီ(ချဲလ်ဆီး၊ ဆီနီဂေါ)

အကောင်းဆုံးအမျိုးသမီးဂိုးသမားဆု- ခရစ္စတီယန်း အမ်းဒလာ(လိုင်ယွန်၊ ချီလီ)

အကောင်းဆုံးအမျိုးသား အထူးဆု- ခရစ္စတီယာနို ရော်နယ်လ်ဒို(မန်ချက်စတာယူနိုက်တက်၊ ပေါ်တူဂီ)

အကောင်းဆုံးအမျိုးသမီး အထူးဆု- ခရစ္စတင်း ဆင်ကလဲ(ပို့တ်လန်း သွန်းစ်၊ ကနေဒါ)

ပွတ်စ်ကပ်ဆု- အဲရစ် လာမယ်လာ(အာဆင်နယ်-တော့တင်ဟမ်ဟော့စပါးပွဲစဉ်)

အကောင်းဆုံးပရိသတ်ဆု- ဒိန်းမတ်နဲ့ ဖင်လန်

Fair Play ဆု- ဒိန်းမတ်လက်ရွေးစင်အသင်း၊ ဒိန်းမတ်ဆေးအဖွဲ့နဲ့ နည်းပြအဖွဲ့

FIFPRO World Best 11

Photo: FIFA

FIFPRO ကမ္ဘာ့အကောင်းဆုံးအမျိုးသား ၁၁ ဦးအသင်း

ဂိုး- ဒွန်နာရမ်းမား

နောက်တန်း- အလာဘာ၊ ဘိုနူချီ၊ ရူဘင် ဒီယက်စ်

ကွင်းလယ်- ဒီဘရိုင်းနား၊ ဂျော်ဂျင်ညို၊ အန်ဂိုလို ကွန်တေ

ရှေ့တန်း- ခရစ္စတီယာနို ရော်နယ်လ်ဒို၊ အာလင်း ဟာလန်း၊ ရောဘတ် လီဗန်ဒေါ့ဗ်စကီး၊ လီယွန်နယ် မက်ဆီ

FIFPRO ကမ္ဘာ့အကောင်းဆုံးအမျိုးသမီး ၁၁ ဦးအသင်း

ဂိုး- ခရစ္စတီယန်း အမ်းဒလာ

နောက်တန်း- မီလီ ဘရိုက်၊ လူစီ ဘရွန့်ဇ်၊ မက်ဒလီနာ အဲရစ်ဆင်၊ ဝမ်ဒီ ရီနာ့ဒ်

ကွင်းလယ်- အက်စတီဖာနီယာ ဘာနီနီ၊ ဘာဘရာ ဘိုနန်စီး၊ ကာလီ လွိုက်

ရှေ့တန်း- မာတာ၊ ဗီဗီယန်း မီဒယ်လ်မာ၊ အဲလက်စ် မော်ဂန်။

Featured Photo: diglogs.com