ဘရာဇီးလ်ဂန္တဝင်နောက်ခံကစားသမား ရော်ဘတ်တိုကားလို့စ်က လက်ရွေးစင်အသင်းဖော်ဟောင်း ရော်နယ်ဒိုဟာ ဘောလုံးသမိုင်းမှာ အကောင်းဆုံးဘောလုံးသမားဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြောင်း Daily Star က ဖော်ပြခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ကစားသမားဘဝတလျှောက် ပြိုင်ပွဲစုံ ၃၄၃ ပွဲမှာ ၂၄၇ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ဒဏ်ရာပြဿနာကြောင့် ကစားသမားဘ၀ အနည်းငယ်မှေးမှိန်ခဲ့ရပေမယ့်လည်း လက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစဉ် ၉၈ ပွဲမှာ ၆၂ ဂိုးအထိ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Photo: Daily Star

အသက် ၄၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ၎င်းရဲ့ လျင်မြန်မှုနဲ့ အလိမ်အခေါက်စွမ်းရည်နဲ့အတူ နောက်ခံကစားသမားတွေနဲ့ ဂိုးသမားတွေကို ကျော်ဖြတ်ပြီး လူမရှိတဲ့ ဂိုးပိုက်ထဲကို ကန်သွင်းမှုအတွက် နာမည်ကျော်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

ရော်နယ်ဒိုနဲ့အတူ ရီးရဲမက်ဒရစ်နဲ့ ဘရာဇီးလ်လက်ရွေးစင်အသင်းမှာပါ အတူတူကစားခဲ့ဖူးတဲ့ ရော်ဘတ်တိုကားလို့စ်က ဘလွန်းဒီအော်ဆု ၂ ဆု ရရှိခဲ့တဲ့ ၎င်းရဲ့အသင်းဖော်ဟောင်းဟာ ၂ ယောက်ပေါင်းဘလွန်းဒီအော်ဆု ၁၁ ကြိမ်အထိ ရရှိထားခဲ့တဲ့ လီယွန်နယ်မက်ဆီနဲ့ ခရစ်စတီယာနိုရော်နယ်ဒိုတို့ထက်သာလွန်တဲ့ အဆင့်မှာရှိနေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

“ရော်နယ်ဒိုက အကောင်းဆုံးပါ။ နောက်ထပ် ထူးခြားဆန်းကြယ်တဲ့ကစားသမားဆိုတာ ရှိလာလိမ့်မှာမဟုတ်ပါဘူး ကျွန်တော်တိုရဲ့မျိုးဆက်မှာ ဂိုးသွင်းယူဖို့ ပိုခက်ခဲမယ်လို့ ကျွန်တော် ထင်ပါတယ်”

“အဲဒီတုန်းက ရုပ်ပိုင်းဆိုင်ရာ ပိုပြင်းထန်ပြီး တိုက်စစ်မှူးတွေက အကာအကွယ်နည်းပါးခဲ့ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုက ဘယ်အရာကိုမဆို လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။