အာဆင်နယ်အသင်းဟာ ယမန်နေ့ညက အိုလံပီယာကော့အသင်းနဲ့ပွဲစဉ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး အဆင့်မမီတဲ့ ကစားပုံကြောင့် ယူရိုပါလိဂ်ကနေ ထွက်ခွာခဲ့ရပြီးနောက် အာဆင်နယ်ဂန္တဝင်ကစားသမားတွေဖြစ်ကြတဲ့ မာတင် ကီယွန်နဲ့ ဂျွန်ဟတ်ဆန်တို့က လက်ရှိအသင်းရဲ့စွမ်းဆောင်ရည်ကို ပြစ်တင်ဝေဖန်ခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။
Photo: irishexaminer
အိုလံပီယာကို့စ်ကို ရှုံးခဲ့တာကြောင့် လက်ရှိ လိဂ်အဆင့် ၉ နေရာမှာ ရပ်တည်နေရတဲ့ အာဆင်နယ်အသင်းအတွက် လာမယ့်ရာသီ ဥရောပြိုင်ပွဲဝင်ခွင့်အတွက် အလွန် ခက်ခဲသွားခဲ့ပြီဖြစ်ပြီး အက်ဖ်အေဖလားကသာ လာမယ့်ရာသီ ဥရောပဝင်ခွင့်ရရှိဖို့အတွက် နောက်ဆုံးမျှော်လင့်ချက် ဖြစ်လာပြီဖြစ်ပါတယ်။
“ဒါက ကစားသမားတွေ နည်းပြကို မတုံ့ပြန်နိုင်ခဲ့တဲ့ ပထမဆုံးအကြိမ်ဖြစ်ခဲ့တယ် ထင်ပါတယ်။ နည်းပြက ဘာအပြောင်းအလဲတွေ လုပ်ရမယ်ဆိုတာ မသိခဲ့ဘူး။ အာဆင်နယ်ရဲ့ကစားပုံမှာ စိတ်ပျက်စရာတွေ အများကြီး ရှိတယ်။ ကစားသမားတွေဆီကနေ အဆင့်မမီတဲ့ ခြေစွမ်းတွေ အများကြီးတွေ့ခဲ့ရတယ်။ အာဆင်နယ်အတွက်ဆိုးဝါးတဲ့ ပွဲတစ်ပွဲပါပဲ။ ပီပီက တိုးတက်ဖို့ လိုဦးမယ်။ မာတီနယ်လီက ပိုစောစောဝင်လာသင့်ပါတယ်။ ကစားသမားများစွာက အကောင်းဆုံးပုံစံမှာရှိမနေခဲ့ဘူး”လို့ အင်္ဂလန်လက်ရွေးစင်ဟောင်းက ဝေဖန်ခဲ့ပါတယ်။
အူဘာမီးယန်းရဲ့အချိန်ပိုဒုတိယပိုင်းမှာရရှိခဲ့တဲ့ နောက်ကျအခွင့်အရေးက ပွဲကို ပြောင်းလဲစေနိုင်ခဲ့လိမ့်မယ်ဆိုတာကို ကီယွန်က ဝန်ခံခဲ့ပေမယ့် ဂါဘွန်လက်ရွေးစင်ကစားသမားရဲ့ ဂိုးအဖြစ်အပြောင်းလဲနိုင်မှုဟာ ပရိသတ်တွေအတွက် စိတ်ပျက်စရာသာ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
“ဒါက အဆုံးသတ်ဖို့ အကောင်းဆုံးနည်းဖြစ်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် သူတို့မလုပ်နိုင်ခဲ့ဘူး။ အဆုံးသတ်မှာ ပရိသတ်တွေက သူတို့ရဲ့ ဒေါသဖြစ်မှုကိုပြသခဲ့ကြတယ်။ ဒီပွဲကနေ ဆိုးကျိုးများစွာရှိလာမှာပါ”လို့ ကီယွန်က ပြောကြားခဲ့တာဖြစ်ပါတယ်။
Photo: talksport
ခံစစ်ရဲ့ အမှားတွေနဲ့ ပတ်သက်ပြီးတော့လဲ ဂျွန်ဟတ်ဆန်က “ခံစစ်ပိုင်းမှာ ပွဲမတိုင်ခင် ဒေးဗစ်လူးဝစ်ဇ်နဲ့ မူစတာဖီတို့ကို ကျွန်တော် မေးခွန်းထုတ်ခဲ့တယ်။ သူတို့က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် နောက်ထပ်ပြိုင်ပွဲတွေမှာ အနိုင်ရစေဖို့ လုံလောက်မှုရှိရဲ့လားဆိုတာကိုပေါ့။ ဒီညမှာ သူတို့က ထပ်ပြီးတော့ ထောင့်ကန်ဘော ၂ ခုကနေ ဂိုးတွေ ပေးခဲ့ရပြန်တယ်”လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ အိုလံပီယာကော့အသင်းကို ပထမအကျော့က အိုလံပီယာကော့အသင်းအိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့်လည်း ကြာသပတေးနေ့ည အိမ်ကွင်းအမ်းမရိတ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် အိုလံပီယာကော့အသင်းက အဝေးကွင်းဂိုးအားသာချက်နဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်။