တစ်နှစ်ထက်တစ်နှစ် နည်းပညာတွေက တိုးတက်ပြီးရင်း တိုးတက်လာနေပါတယ်။ ဒီလို တိုးတက်လာမှုတွေကြောင့် လူသားတွေအတွက် အဆင်ပြေတာတွေရှိသလို တစ်ဖက်မှာလည်း ဆုတ်ယုတ်မှုတွေ ရှိနေပါတယ်။ အေအိုင်(AI)လို့ခေါ်တဲ့ လူသားတွေတီထွင်ဖန်တီးထားတဲ့ ဉာဏ်ရည်တုတွေ၊ စက်ရုပ်နည်းပညာတွေနဲ့ အခြားသောအရာတွေဟာ လူသားတွေရဲ့ အလုပ်ခွင်တွေမှာ အစားထိုးဝင်ရောက်လုပ်ကိုင်နိုင်နေပြီပဲဖြစ်ပါတယ်။

ဒီနေ့ kwee page က နည်းပညာတွေတိုးတက်လာမှုကြောင့် လာမည့်အနာဂတ်တွင် ကွယ်ပျောက်သွားနိုင်တဲ့ လူတွေရဲ့ အလုပ်အကိုင်တွေအကြောင်းပြောပြပေးသွားမှာပါ။

ဘဏ်ဝန်ထမ်းများ

Source: The Myanmar Times

ဘဏ်ဝန်ထမ်းတွေဟာလည်း အနာဂါတ်ရဲ့ စိန်ခေါ်မှုကို ခံစားရမယ့်လုပ်သားတွေပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ငွေထုတ်ငွေသွင်းကိစ္စ ပြုမူဆောင်ရွက်ပုံတွေဟာ ပုံစံတဖြေးဖြေးပြောင်းလဲလာနေပါပြီ။ မိုဘိုင်းဖုန်းတစ်လုံးရှိရုံနဲ့ အလွယ်တကူပြုလုပ်နိုင်တဲ့ Mobile-Banking ကိစ္စရပ်တွေဟာ အနာဂတ်မှာ ပိုမို တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အခုလည်း အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေဟာ ငွေကြေးအထုတ်အသွင်းတွေကို အင်တာနက်ပေါ်ကနေ ပြုလုပ်လာနေပြီဖြစ်ပါတယ်။ ငွေကြေးဆိုင်ရာကိစ္စရပ်တွေမှာ ငွေစက္ကူကို ကိုင်ပြီး အသုံးပြုမှုဟာ တစ်နေ့တစ်ခြားလျော့နည်းလာနိုင်ပြီး ဘဏ်ကိုသွားလာခြင်းဟာလည်း အရင်ကထက်ပိုနည်းလာလိမ့်မယ်လို့ ထင်ကြေးပေးထားကြပါတယ်။

Taxi ယာဉ်မောင်းသူများ

Source: Tesmanian

နည်းပညာတိုးတက်လာမှုကြောင့် ပျောက်ကွယ်သွားရမယ့် အလုပ်အကိုင်တွေစာရင်းမှာယနေ့ခေတ် အသိသာဆုံးအလုပ်အကိုင်ကတော့ Taxi ယာဉ်မောင်းအလုပ်ပဲဖြစ်ပါတယ်။ ယနေ့ခေတ်မှာ မောင်းသူမဲ့ လေယာဉ်တွေ Taxi တွေ ဘက်စ်ကားတွေ တစ်မျိုးပြီးတစ်မျိုး ထုတ်လုပ်လာနေကြပါပြီ။ လူသားတွေအနေနဲ့ ဒီနည်းပညာကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုကြသေးပေမယ့် လာမည့် ဆယ်စုနှစ်တစ်စုအတွင်းမှာ မောင်းသူမဲ့စနစ်တွေကို အများအပြားတွေ့မြင်လာနိုင်ဖွယ်ရှိတယ်လို့ ပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ ဒါ့ကြောင့် ယာဉ်မောင်းအလုပ်ဟာလည်း  နည်းပညာတွေရဲ့ခြိမ်းခြောက်မှု ကိုခံရနိုင်ပါတယ်။

တောင်သူလယ်သမားများ

Source: Civil Eats

ဟုတ်ပါတယ်။ နည်းပညာတွေကြောင့် ကွယ်ပျောက်သွားနိုင်တဲ့ အလုပ်အကိုင်တွေထဲမှာ လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းလည်း အပါအဝင်ဖြစ်ပါတယ်။ ယနေ့ထိတော့ လူတွေကိုအသုံးပြုပြီး လယ်ယာတွေ စိုက်ပျိုးနေကြရပါတယ်။ ဒါပေမယ့် တစ်ချို့နိုင်ငံတွေမှာ ကောက်စိုက်တာ ရိတ်သိမ်းတာတွေကို စက်တွေနဲ့ အစားထိုးလုပ်ကိုင်နေကြပါပြီ။ ကျွမ်းကျင်သူတွေကတော့ လာမယ့် အနာဂါတ်ကာလမှာတော့ လယ်သမားဦးရေဟာ ထက်ဝက်ကျော်လောက် လျော့ကျသွားပြီး လယ်သမားအနည်းအကျဉ်းလောက်သာ စိုက်ပျိုးရေးလုပ်ငန်းတွေထဲမှာရှိမယ်လို့ခန့်မှန်းကြပါတယ်။

စက်ရုံလုပ်သားများ

Source: Sputnik News

ယနေ့အထိတော့ စက်ရုံတွေမှာ လူသားအလုပ်သမားတွေ အများအပြားကို တွေ့မြင်နိုင်ပါသေးတယ်။ ဒါပေမယ့် နောင်တစ်ချိန်မှာ စက်ရုံလုပ်သားတွေဟာလည်း ပျောက်ကွယ်ကောင်းပျောက်ကွယ်နိုင်တယ်လို့ပညာရှင်တွေက ခန့်မှန်းထားကြတယ်။

သိသာထင်ရှားတဲ့ ဥပမာအရတော့ လက်ရှိနာမည်ကျော် ကားကုမ္ပဏီကြီးတွေရဲ့ စက်ရုံတွေမှာ လူအင်အားအနည်းအကျဉ်းသာ အသုံးပြုထားပြီး စက်ရုပ်တွေ – စက်ယန္တရားကြီးတွေနဲ့ ကားတွေကို ထုတ်လုပ်နေပါပြီ။ တစ်ချိန်ကတော့ ကားတစ်စင်းထုတ်လုပ်နိုင်ဖို့ဆိုတာ လူအင်အားပမာဏတော်တော်များများ လိုအပ်ခဲ့ပြီး အခုအချိန်မှာဆိုရင်တော့ လူမလိုပဲ ထုတ်လုပ်လာနိုင်တဲ့ အဆင့်ကိုတောင် ရောက်ရှိလာခဲ့ပါပြီ။