ရောမနတ်ဘုရား ‌ဂျေးနပ်စ်ကို အစွဲပြုပြီး နာမည်ပေးထားတဲ့ ဇန်နဝါရီလဟာ နှစ်တစ်နှစ်ရဲ့ ပထမဆုံးလဖြစ်လို့ နှစ်သစ်ကူးလလို့ ခေါ်လေ့ရှိကြပါတယ်။ ဒီလထဲမှာ နိုင်ငံရေး ၊ စာပေ ၊ ယဉ်ကျေးမှု ၊ အနုပညာနဲ့ သိပ္ပံလူကျော်တွေရဲ့ မွေးနေ့တွေ အများကြီး ပြောစရာရှိပါတယ်။ ဒီတစ်ခေါက်မှာတော့ ဇန်နဝါရီမွေးနေ့ရှင် Rocker ကြီးတွေနဲ့ မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

(၁) တေးလ် လင်ဒါမန်း

'Rammstein: Paris' World Premiere In Berlin

Photo: NME

ဂျာမန်အဆိုတော် ၊ တေးရေးဆရာနဲ့ ကဗျာဆရာ လင်ဒါမန်းဟာ ၁၉၉၀ နှစ်လယ်နဲ့ ၂၀၀၀ ခုနှစ်တစ်ဝိုက်က ဂျာမန်ရော့ခ်ဂီတပုံစံသစ် NDH အဆိုတော်အဖြစ် လူသိများ ထင်ရှားခဲ့သူပါ။ Rammstein တီးဝိုင်းတစ်ခုမှာ ပင်တိုင်အဆိုတော်လည်း ဖြစ်ပြီး Rammstein အဖွဲ့ဟာ တစ်ကမ္ဘာလုံးမှာ သီချင်းအယ်လ်ဘမ် ၄၅ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ ဒီ အယ်လ်ဘမ်တွေထဲက ၅ ချပ်ဟာ အချပ်ရေသန်း ချီရောင်းရတဲ့ ပလတ်တီနမ်စာရင်းဝင်ခဲ့ပါတယ်။

လင်ဒါမန်းကို ၁၉၆၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ သူ့ကို Roadrunner Records ရဲ့ တစ်ခေတ်လုံးရဲ့ အကြီးကျယ်ဆုံး Metal ပင်တိုင်အဆိုတော် ၅၀ စာရင်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။ သီချင်းဆိုတာအပြင် Messer (ဓါး) နဲ့ In Stillen Nachten (တိတ်ဆိတ်ညများမှာ) ဆိုတဲ့ ကဗျာစာအုပ်နှစ်အုပ်လည်း ရေးသားထုတ်ဝေထားပါတယ်။

(၂) အိုင်ဗန် မူဒီ

Ivan Moody on stage

Photo: LoudWire

အမေရိကန်အဆိုတော်နဲ့ တေးရေးဆရာ အိုင်ဗန် မူဒီကို Ghost လို့လည်း လူသိများပါတယ်။ အမေရိကန်နိုင်ငံ ဒန်ဗာမြို့မှာ သူ့ကို ၁၉၈၀ ခုနှစ် ဇန်နဝါရီ ၇ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ 5FDP လို့ ခေါ်ကြတဲ့ Five Finger Death Punch ဆိုတဲ့ Metal Band အဖွဲ့မှာ မဆိုခင်က သူဟာ Motograter ၊ Ghost Machine စတဲ့ တီးဝိုင်းအမျိုးမျိုးနဲ့အတူ တွဲဖက်သီဆိုခဲ့ပါတယ်။ Ghost ဆိုတဲ့ နာမည်ပြောင်ကို Motograter တီးဝိုင်းနဲ့ ဆိုချိန်က ရခဲ့တာပါ။

(၃) ဘရန့်တ် စမစ်

Brent Smith

Photo: fasterthannormal

အမေရိကန်ရော့ခ်ဂီတအဖွဲ့ Shinedown ကို ဖွဲ့စည်းခဲ့တဲ့ အဆိုတော် ဘရန့်တ် စမစ်ရဲ့ မွေးနေ့က ဇန်နဝါရီ ၁၀ ရက်နေ့ပါ။ ၁၉၇၈ ဖွား စမစ်ဟာ Hard Rock ၊ Alternative Metal ၊ Post-Grunge နဲ့ Pop Rock ဂီတအမျိုးအစားတွေ သီဆိုပါတယ်။ အသက် ၄၃ နှစ်အရွယ် ဒီအဆိုတော်ဟာ သူ့အရင်အဖွဲ့ Dreve ဖျက်သိမ်းပြီးနောက် ၂၀၀၁ ခုနှစ်မှာ Shinedown ရော့ခ်ဂီတအဖွဲ့ကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

(၄) ကစ်ဒ် ရော့ခ်

Kid Rock

Photo: tmz

နာမည်အရင်း ရောဘတ်ဂျိမ်းစ် ရစ်ချီဟာ အနုပညာနာမည် ကစ်ဒ်‌ရော့ခ်အဖြစ် လူသိများပါတယ်။ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့တဲ့ သူဟာ ရက်ပ်ပါနဲ့ DJ တစ်ယောက်အဖြစ် ဂီတလောကထဲ စတင်ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းမှာ ကန်းထရီးရက်ပ်ဂီတလမ်းသစ်ကို ထိုးဖောက်ခဲ့တာပါ။ ၂၀၀၇ ခုနှစ်က ထွက်ခဲ့တဲ့ Rock n Roll Jesus အယ်လ်ဘမ်ကစပြီး ကန်းထရီးနဲ့ ရော့ခ်စတိုင်သီချင်းတွေ ဆိုခဲ့တာလည်း ဖြစ်ပါတယ်။

(၅) ဂျိုနသန် ဒါဗီးစ်

JD

Photo: BBC

JD (JDevil) လို့ လူသိများတဲ့ ဂျိုနသန်ဒါးဗီးစ်ဟာ အမေရိကန်တေးရေးတေးဆို ဂီတသမားတစ်ဦးဖြစ်ပြီး Nu Metal ဂီတပုံစံသစ်ကို ဖန်တီးခဲ့သူအဖြစ် လူသိများပါတယ်။ ဒါဗီးစ်ဟာ Korn လို့ ခေါ်တဲ့ Nu Metal တီးဝိုင်းအဖွဲ့ရဲ့ ပင်တိုင်အဆိုတော်တစ်ဦးပါ။ ကယ်လီဖိုးနီးယားပြည်နယ် ဘက်ကာစ်ဖီးဒ်မြို့မှာ မွေးဖွားခဲ့ပြီး သူ့ရဲ့ မွေးနေ့ကတော့ ၁၉၇၁ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့တာလည်း ဖြစ်ပါတယ်။

Featured Photo: BBC