ရိုးမားအသင်းဟာ အငှားစာချုပ်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နောက်ခံကစားသမား ခရစ်စမောလင်းအတွက် ယူနိုက်တက်က သတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြေးကို ပေးချေဖို့အတွက် ရုန်းကန်နေရတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းက အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ ဝါရင့်နောက်ခံကစားသမားအတွက် ပေါင် ၁၈.၂ သန်းလိုချင်နေတာဖြစ်ပေမယ့် ရိုးမားအသင်းက အင်္ဂလန်လက်ရွေးစင်နောက်ခံကစားသမားအတွက် ပေါင် ၁၆.၃ သန်းထက် ပိုသုံးစွဲမှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: Premier League

ဂျူဗင်တပ်၊ နာပိုလီနဲ့ အင်တာမီလန်အသင်းတို့အားလုံးဟာ ရိုးမားအသင်းက စမောလင်းကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် ခေါ်ယူဖို့အတွက် အခြေအနေကို စောင့်ကြည့်နေကြတယ်လို့ Calciomercato ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ခရစ်စမောလင်းနဲ့ ၎င်းရဲ့မိသားစုဟာ ရောမမြို့မှာ နေထိုင်ရတာ အသားကျနေပြီဖြစ်ပြီး ရိုးမားအသင်းကို အပြီးသတ်ပြောင်းရွှေ့ပြီး ရွှေ့ပြောင်းနေထိုင်ချင်နေတယ်လို့ ယုံကြည်ရပါတယ်။

ရိုးမားအသင်းဟာ မန်ချက်စတာယူနိုက်တက်ကို စွန့်ခွာချင်နေတဲ့ စမောလင်းရဲ့ ဆန္ဒကို ခုတုံးလုပ်ပြီး ပြောင်းရွှေ့ကြေးကို ယူနိုက်တက်က တောင်းဆိုထားတာထက် ၎င်းတို့ပေးချေလိုတဲ့ ယူရို ၁၈ သန်းနဲ့ပဲ အပြောင်းအရွှေ့ဖြစ်အောင် ကြိုးစားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။

Source : Sportsne

စမောလင်းဟာ ရိုးမားအသင်းမှာ အငှားနဲ့ကစားခဲ့တဲ့ ယခုရာသီမှာ အထင်ကြီးဖွယ်ခြေစွမ်းပြသထားခဲ့သူဖြစ်ပြီး ၂၈ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၂ ဂိုးနဲ့အတူ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။