ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားခဲ့တဲ့ နောက်ဆုံးရာသီအတွင်း စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ဖို့ကိစ္စနဲ့ပတ်သက်ပြီး စဉ်းစားခဲ့ပြီးဖြစ်တယ်လို့ ၎င်းရဲ့ အေးဂျင့်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Romelu Lukaku

Photo: Eurosport

ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းက အင်တာမီလန်အသင်းက တောင်းဆိုတဲ့ ပေါင် ၉၇ သန်းကို ပေးချေဖို့ သဘောတူညီခဲ့ပြီးနောက် ပြီးခဲ့တဲ့နွေရာသီမှာ အနောက်လန်ဒန်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းက လူကာကူကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာဟာ ပထမဆုံးအကြိမ်တော့မဟုတ်ခဲ့ဘဲ နည်းပြ ကွန်တီလက်ထက် ၂၀၁၇ ခုနှစ်တုန်းကလည်း လူကာကူကို ခေါ်ယူချင်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း လူကာကူဟာ အဲဗာတန်အသင်းကနေ ဟိုဆေး မော်ရင်ညိုရဲ့ မန်ချက်စတာယူနိုက်တက်ကို ပေါင် ၇၅ သန်းနဲ့ ပြောင်းရွှေ့ဖို့အတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လူကာကူဟာ အိုးထရက်ဖို့ဒ်မှာ ၂ ရာသီသာ အချိန်ကုန်ဆုံးခဲ့ပြီး ယူနိုက်တက်နဲ့ နောက်ဆုံးရာသီမှာ ခြေစွမ်းနဲ့ ယုံကြည်ချက် ပျောက်ဆုံးပြီးနောက် အင်တာမီလန်မှာ ကွန်တီက ၎င်းရဲ့ ပြဿနာတွေကို ပြန်လည်ကုစားပေးခဲ့တာဖြစ်ပါတယ်။

Lukaku Celebrated After his goal

Photo: beINSPORT

လူကာကူရဲ့အေးဂျင့်က ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြီးခဲ့တဲ့နွေရာသီမတိုင်မီကတည်းက ပြန်သွားဖို့ စဉ်းစားနေခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ကစားခဲ့တဲ့ ၂၀၁၈-၂၀၁၉ ရာသီကတည်းက ချဲလ်ဆီးကို ပြန်ပြောင်းဖို့ တွေးခဲ့တာလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“သူ့ရဲ့ မန်ချက်စတာယူနိုက်တက်က နောက်ဆုံးရာသီမှာ သူ့ခေါင်းထဲမှာ အမြဲတမ်း ချဲလ်ဆီး ရှိနေခဲ့ပါတယ်။ ရီးရဲလ် မက်ဒရစ်ကလည်း ရှိနေခဲ့တယ်ဆိုတာ ကျွန်တော် ဝန်ခံရမှာပါ။ အဲဒါက သူ့ရဲ့ ကစားသမားဘဝနဲ့ပတ်သက်ပြီး စဉ်းစားခဲ့တဲ့ နောက်ထပ် အိပ်မက်တစ်ခုဖြစ်ပေမယ့် ချဲလ်ဆီးကတော့ သူ့ရဲ့ ၁၀၀ ရာခိုင်နှုန်း ပစ်မှတ် အမြဲတမ်းဖြစ်ခဲ့တာပါ။ ချဲလ်ဆီးက သူ ကလေးဘဝကတည်းက ချစ်မြတ်နိုးခဲ့တဲ့အသင်းဖြစ်ပြီး ပြန်သွားဖို့လည်း အမြဲတမ်း ဆန္ဒရှိခဲ့တာပါ။ အဲဒါက သူ့မာနရဲ့မေးခွန်းဖြစ်ခဲ့တာပါ။ အဲဒါကို သူ့ခေါင်းထဲ၊ နှလုံးသားထဲမှာ ထည့်ထားခဲ့တာပါ”လို့ ပြောကြားခဲ့ပါတယ်။