ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒင်ဟိုဟာ အချက်အလက်မှားတွေကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ ပတ်စ်ပို့တုကို အသုံးပြုခဲ့တယ်လို့ စွပ်စွဲခံရမှုကြောင့် ပါရာဂွေးမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ Sportbible က ဖော်ပြခဲ့ပါတယ်။

La Nacion ရဲ့ဖော်ပြချက်အရ ဗုဒ္ဓဟူးနေ့ညနေခင်းမှာ ရော်နယ်ဒင်ဟိုဟာ ၎င်းရဲ့အစ်ကိုဖြစ်သူ ရောဘတ်တိုနဲ့အတူ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရသူဖြစ်ပြီး ပတ်စ်ပို့တုတွေကိုတော့ ဟိုတယ်အခန်းအတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရော်နယ်ဒင်ဟိုနဲ့ ရောဘတ်တိုတို့ ၂ ဦးစလုံးရဲ့ ပတ်စ်ပို့မှာ အမည်၊ အသက်၊ မွေးဖွားရာဇာတိ၊ မွေးနေ့တွေအားလုံးကို အမှန်အတိုင်း ဖော်ပြထားခဲ့ပေမယ့် ပါရာဂွေးနိုင်ငံသား ခံယူထားတယ်ဆိုတဲ့ သတင်းအချက်အလက်အမှားကို ထည့်သွင်းထားတာဖြစ်ပါတယ်။

Photo: Yahoo Movies UK

ပါရာဂွေးအာဏာပိုင်တွေက လာမယ့်ရက်ပိုင်းမှာ ကြေညာချက်ပြုလုပ်ဖို့အတွက် ပြင်ဆင်နေပြီး ရော်နယ်ဒင်ဟိုနဲ့ ရောဘတ်တိုတို့ ၂ ဦးစလုံးဟာ ဟိုတယ်မှာ ဆက်လက်နေထိုင်နေတယ်လို့ သိရပါတယ်။”ရော်နယ်ဒင်ဟိုနဲ့ သူ့အစ်ကိုတို့ဟာ ဖမ်းဆီးထိန်းသိမ်းခြင်း မခံခဲ့ရပါဘူး။ သူတို့ဟာ တရားဝင်စုံစမ်းစစ်ဆေးမှုအောက်မှာပဲ ရှိနေသေးပြီး သက်သေအထောက်အထားပြရပါလိမ့်မယ်။

ပြီးရင်တော့ သူတို့ကို ဖမ်းဆီးရမလား၊ မဖမ်းဆီးပဲလွှတ်ပေးရမလားဆိုတာကို ဆုံးဖြတ်သွားမှာပါ”လို့ ပါရာဂွေးပြည်တွင်းရေးရာဝန်ကြီး အဆီဗီဒိုက ESPN Brasil ကို ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးအကောက်ခွန်အရာရှိတွေကို ၎င်းဟာ ပါရာဂွေးနိုင်ငံသားခံယူထားသူလို့ ထင်မြင်အောင် လှည့်စားဖို့ ကြိုးပမ်းခဲ့တာဖြစ်ပြီး အကောက်ခွန်အရာရှိတွေကလည်း ဘရာဇီးလ်ဂန္တဝင်ဘောလုံးသမား ရော်နယ်ဒင်ဟိုဆိုတာကို မသိခဲ့ကြလို့ ခံလိုက်ရတာဖြစ်ပါတယ်။