ရော်နယ်ဒို၊ လီယွန်နယ်မက်ဆီ၊ လီဝန်ဒေါစကီးနဲ့ မိုဟာမက်ဆာလာတို့ဟာ လာမယ့်ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒူဘိုင်းကမ္ဘာလုံးဆိုင်ရာဘောလုံးဆုရဲ့ နောက်ဆုံးဆန်ကာတင် ၄ ဦးစာရင်းထဲမှာ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
၁၀ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် နောက်ဆုံးဆန်ကာတင်စာရင်းကို ပရိသတ်တွေကပဲ ရွေးချယ်ခဲ့ကြတာဖြစ်ပြီး တကမ္ဘာလုံးမှာရှိတဲ့ ဘောလုံးပရိသတ်တွေက ၎င်းတို့ရဲ့ အနှစ်သက်ဆုံးကစားသမား၊ နည်းပြ၊ အသင်းနဲ့ အေးဂျင့်စတဲ့ ကဏ္ဍ ၇ ခုထဲက ၄ ခုကို မဲပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Photo: gulfnews
ကစားသမားဘဝသက်တမ်းတလျှောက်အကောင်းဆုံးဆုကိုလည်း ယင်းဆုပေးပွဲမှာပဲ ကြေညာသွားမှာဖြစ်ပြီး ဒူဘိုင်းအားကစားကောင်စီနဲ့ ပူးပေါင်းကျင်းပတဲ့ ယခုနှစ် ဒူဘိုင်းကမ္ဘာလုံးဆိုင်ရာဘောလုံးဆုဟာ ဘောလုံးလောကအပေါ် ကိုဗစ်-၁၉ ရဲ့အကျိုးသက်ရောက်မှုကြောင့် အထူးသီးသန့်ဆုဖြစ်လာတော့မှာဖြစ်ပါတယ်။
ဂျူဗင်တပ်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ဟာ (၂၀၀၁-၂၀၂၀အတွင်း) ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမားဆုနဲ့ ၂၀၂၀ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုတို့ရဲ့ ဆန်ကာတင်စာရင်းထဲမှာ ပါဝင်ခဲ့ကြတာဖြစ်ပြီး ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမားဆုမှာ မက်ဆီ၊ ရော်နယ်ဒိုတို့နဲ့အတူ ဘရာဇီးလ်ဂန္တဝင် ရော်နယ်ဒင်ဟိုနဲ့ အီဂျစ်ကြယ်ပွင့် ဆာလာတို့လည်း ပါဝင်နေတာဖြစ်ပါတယ်။
ယခုလို နှစ်အတွင်းမှာ မျှော်မှန်းထားတာထက်ကျော်လွန်ပြီး စွမ်းဆောင်နိုင်ခဲ့တဲ့ကစားသမားကို ရွေးချယ်ရာမှာ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး လီဝန်ဒေါစကီး မဲပေါင်းများစွာရရှိခဲ့ပြီး ယခုနှစ်ရဲ့ ထင်ပေါ်အကျော်ကြားဆုံးကစားသမားထဲကတစ်ဦးအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။
ဆုရရှိသူတွေကို ပရိသတ်တွေနဲ့ သက်ဆိုင်ရာကဏ္ဍအလိုက်ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးဂျူရီတွေက ရွေးချယ်သွားမှာဖြစ်ပါတယ်။

Photo: gulfnews
နောက်ဆုံးဆန်ခါတင်စာရင်းဝင်များ
ရာစုနှစ်ရဲ့အကောင်းဆုံးကစားသမား- ရော်နယ်ဒို(ဂျူဗင်တပ်)၊ မက်ဆီ(ဘာစီလိုနာ)၊ ရော်နယ်ဒင်ဟို(ဘရာဇီးလ်)၊ မိုဟာမက်ဆာလာ(လီဗာပူး)။
ရာစုနှစ်ရဲ့အကောင်းဆုံးနည်းပြ- ဆာအဲလက်စ်ဖာဂူဆန်(မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း)၊ ဂွါဒီယိုလာ(မန်ချက်စတာစီးတီး)၊ ဟိုဆေးမော်ရင်ဟို(စပါး)၊ ဇီဒန်း(ရီးရဲမက်ဒရစ်)။
ရာစုနှစ်ရဲ့အကောင်းဆုံးကလပ်အသင်း-အယ်လ်အာလီ၊ ဘိုင်ယန်မြူးနစ်၊ ဘာစီလိုနာ၊ ရီးရဲမက်ဒရစ်။
တစ်နှစ်တာအကောင်းဆုံးကစားသမား- ခရစ်စတီယာနိုရော်နယ်ဒို၊ လီယွန်နယ်မက်ဆီ၊ လီဝန်ဒေါစကီး။
တစ်နှစ်တာအကောင်းဆုံးကလပ်အသင်း- ဘိုင်ယန်မြူးနစ်၊ လီဗာပူး၊ ရီးရဲမက်ဒရစ်။
တစ်နှစ်တာအကောင်းဆုံးနည်းပြ- ဂျီယန်ပီယာရိုဂက်စ်ပါရီနီ(အတ္တလန္တာ)၊ ဟန်ဆီဖလစ်(ဘိုင်ယန်မြူးနစ်)၊ ယာဂင်ကလော့ပ်(လီဗာပူး)။
