ဂျူဗင်တပ်ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုဟာ စီးရီးအေချန်ပီယံနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသူဖြစ်ပေမယ့် ယင်းစာချုပ်သက်တမ်းကုန်ဆုံးတဲ့အခါကျရင် အနားယူဖို့ အစီအစဉ်မရှိတဲ့ပုံပေါ်တယ်လို့ သိရပါတယ်။
အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့အတူ နောက်ထပ်ကောင်းမွန်တဲ့ရာသီကို စတင်နိုင်ခဲ့သူဖြစ်ပေမယ့် ၎င်းရဲ့စာချုပ်သက်တမ်းက ၂၀၂၂ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်တာကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး နောက်ထပ်ပြောစရာကိစ္စဖြစ်လာတော့မှာဖြစ်ပါတယ်။

Photo: AS English
ရော်နယ်ဒိုဟာ ၂၀၂၂ ခုနှစ်ထက်ကျော်လွန်ပြီး ထိပ်တန်းအဆင့်မှာ ကစားချင်နေပေမယ့် ဂျူဗင်တပ်အသင်းမှာပဲ ဆက်နေပြီး ကစားလိမ့်မယ်ဆိုတဲ့ အာမခံချက်မျိုးမရှိကြောင်း Tuttosport က ဖော်ပြခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ပီအက်စ်ဂျီအသင်းနဲ့ အရင်တုန်းက သတင်းတွေထွက်ပေါ်ခဲ့ဖူးသူဖြစ်ပြီး မေဂျာလိဂ်နဲ့ တရုတ်စူပါလိဂ်တို့လို ပြိုင်ပွဲမျိုးကို သွားရောက်လိုခြင်းမရှိဘူးလို့ သိရပါတယ်။ ရော်နယ်ဒိုဟာ ယခုရာသီ ဂျူဗင်တပ်အသင်းအတွက် စီးရီးအေပွဲစဉ် ၃ ပွဲ ပါဝင်ကစားပေးထားရာမှာ ၅ ဂိုးသွင်းယူပေးထားသူဖြစ်ပြီး ယခုရာသီချန်ပီယံလိဂ်ပြိုင်ပွဲမှာ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

Photo: Stadium Astro
ပေါ်တူဂီကြယ်ပွင့်တိုက်စစ်မှူးရော်နယ်ဒိုဟာ ယခုရာသီအစမှာ ပြီးခဲ့တဲ့ရာသီကထက် ဂိုးကန်သွင်းရာမှာတိကျမှု(၆၆.၇ ရာခိုင်နှုန်း)၊ ကြီးမားတဲ့အခွင့်အရေးအဖြစ်ပြောင်းလဲနိုင်မှု(၆၆.၇ ရာခိုင်နှုန်း)အထိ မြင့်တက်လာတဲ့အထိ ခြေစွမ်းကောင်းကို ပြသထားသူဖြစ်ပါတယ်။
