“လုပ်တိုင်းမဖြစ် စိတ်မညစ်နဲ့” ဆိုတဲ့ စကား ရှိပါတယ်။ ဘဝဟာ အမြဲတမ်း အဆင်ပြေပြေ လည်ပတ်နေတာတော့ မဟုတ်ပါဘူး။ ပျော်စရာကောင်းတဲ့ နေ့တွေ ရှိသလို အဆင်မပြေဖြစ်လို့ စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ရတဲ့ နေ့တွေလည်း ရှိတတ်တာပါပဲ။ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် ကိုယ့်စိတ်ကို အမြင့်ဆုံးမှာ ထားနိုင်ဖို့က ကျွန်တော်တို့ရဲ့ အရေးကြီးဆုံးတာဝန်တစ်ခုပဲ မလား။ ဒီလိုမျိုး စိတ်ကို မြင့်မြင့်ထားပြီး အကောင်းမြင်နိုင်ဖို့ဆိုရင် ဆိုးရွားတဲ့ အခြေအနေမှာ ဒီလိုလေးတွေ လုပ်ပေးဖို့ လိုမှာပါ။
(၁) အကောင်းမြင်တတ်သူတွေနဲ့ တွေ့ဆုံပါ
Photo: Freepik
အခြေအနေတွေက အဆိုးဘက်ရောက်နေချိန်မှာ အကောင်းမြင်တတ်သူတွေနဲ့ ပိုပြီး ပေါင်းဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုရင် အကောင်းမြင်သူတွေက ဘယ်အခြေအနေဆိုးဆီကမဆို ကောင်းတဲ့အပိုင်းတွေ ရှာကြည့်တတ်လို့ပါ။ စိတ်သဘောထားကို အကောင်းဘက် ထားလိုက်ခြင်းအားဖြင့် အခြေအနေဆိုးတွေကို ရင်ဆိုင်ရာမှာ ထိရောက်ကောင်းမွန်တဲ့ အဖြေတွေ ရှာဖွေစေနိုင်မှာ ဖြစ်ပါတယ်။
(၂) အခြေအနေကို လက်ခံ အဖြေရှာပါ
Photo: Freepik
ကိုယ့်အမှားကြောင့် ဆိုးရွားတဲ့ အခြေအနေတစ်ခုကို ကြုံရတယ်ဆိုရင် ဒီအခြေအနေကို လက်ခံပြီး အဖြေတစ်ခု ရှာဖွေဖော်ထုတ်ရတော့မှာပါ။ အရင်ဆုံး ဘယ်သူ့ကို အပြစ်ဖို့ရမယ်ဆိုတာထက် ပြဿနာရဲ့ ဇာစ်မြစ်ကို သိအောင် ဖော်ထုတ်ပြီး အကောင်းဆုံးဖြစ်အောင် ဖြေရှင်းဖို့က အရေးကြီးပါတယ်။
(၃) စိတ်ကို ကောင်းကောင်းလေ့ကျင့်ပါ
Photo: Freepik
ကောင်းတာပဲ ကြုံကြုံ ဆိုးတာပဲ ဖြစ်ဖြစ် စိတ်ကို ခိုင်မဲတည်ကြည်တဲ့ အနေအထားမှာ ထားပေးဖို့ လိုပါတယ်။ အပြုသဘောဆောင်တဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ဖို့ ကြိုးစားချင်တယ်ဆိုရင် အရင်ဆုံး စိတ်ကို လေ့ကျင့်ထားရမှာပါ။ တည်ကြည်အေးချမ်းအောင် လေ့ကျင့်ထားတဲ့စိတ်ဟာ ပြဿနာတွေကို အလွယ်တကူကျော်လျွားနိုင်မှာပါ။
(၄) ကျေးဇူးတင်တတ်ပါစေ
Photo: Freepik
ကိုယ့်မှာ ရှိသမျှ သိပ်သေးငယ်လှတဲ့ အရာဖြစ်ပါစေ ၊ ကျေနပ်တတ်ဖို့က အရေးကြီးတဲ့ သော့ချက် ဖြစ်ပါတယ်။ ပျော်ရွှင်ချမ်းမြေ့တဲ့ဘဝတစ်ခုကို မပိုင်ဆိုင်ရတဲ့ အကြောင်းရင်းတစ်ခုက လူတွေဟာ ကိုယ်တကယ်မလိုအပ်တဲ့ အရာတွေနောက်ပဲ တောက်လျှောက် လိုက်နေမိလို့ပါ။ ရောင့်ရဲတတ်ခြင်းဟာ စိတ်ကို ချမ်းမြေ့ကြည်နူးစေဖို့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။