နယ်သာလန်ဂန္တဝင်တိုက်စစ်မှူး ရုဒ်ဗန်နစ္စတယ်ရွိုင်းက ရီးရဲမက်ဒရစ်အသင်းကို နည်းပြခဲ့တဲ့ကာလအတွင်း အရက်စော်နံနေတဲ့ ရီးရဲမက်ဒရစ်အဝတ်လဲခန်းနဲ့ပတ်သက်ပြီး စောဒကတက်ခဲ့ရတယ်ဆိုတဲ့ ကာပယ်လိုရဲ့ ပြောဆိုမှုကို အကြောက်အကန်ငြင်းပယ်သွားခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။

ယခုအပတ်အစောပိုင်းမှာ ရီးရဲမက်ဒရစ်နည်းပြဟောင်း ဖေဘီယိုကာပယ်လိုဟာ ၎င်းအလုပ်တွဲလုပ်ဖူးသမျှထဲမှာ ဘရာဇီးလ်ဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုဟာ အကောင်းဆုံးပါရမီရှင်ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမရှိတဲ့ကစားသမားအဖြစ် ချီးကျူးပြောကြားခဲ့ပေမယ့် ဘာနေဗျူးမှာ ရော်နယ်ဒိုက ၎င်းအတွက် ပြဿနာအများဆုံး ဖန်တီးခဲ့သူလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: Mirror

ကာပယ်လိုက ရော်နယ်ဒိုကို အသင်းဖော်တွေအပေါ် ဆိုးရွားတဲ့လွှမ်းမိုးမှုရှိသူအဖြစ် ပုံဖော်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုရဲ့ ဆိုးသွမ်းမှုကို နစ္စတယ်ရွိုင်းက ပိုဆိုးအောင် အကူအညီပေးခဲ့တယ်လို့တောင် အီတလီသတင်းဌာနကို ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် လေ့ကျင့်ပေးခဲ့တဲ့ထဲက အကောင်းဆုံးပါရမီရှင်က ရော်နယ်ဒိုပါ။ “the gordo”(လူဝကြီး)ပါ။ အဲဒီတော့ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် နားလည်ခဲ့ကြပါတယ်”

“တချိန်တည်းမှာပဲ သူက ကျွန်တော့်အတွက် အဝတ်လဲခန်းအတွင်းမှာ ပြဿနာအဖန်တီးဆုံးလူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ သူက ပါတီအမြဲလုပ်နေကျလူတစ်ယောက်ပါ။ ဘယ်ဟာကိုမဆိုပါ”

“တစ်ခါက ဗန်နစ္စတယ်ရွိုင်းက ပြောဖူးတယ်။ ဆရာ အဝတ်လဲခန်းက အရက်စော်နံနေတယ်တဲ့။ ပြီးတော့ ရော်နယ်ဒိုအသင်းကနေ ထွက်ခွာသွားတဲ့အချိန်မှာ ကျွန်တော်တို့ စတင်ပြီး အနိုင်ရရှိခဲ့ပါတယ်”

“ဒါပေမယ့် တကယ်လို့ ကျွန်တော်တို့ ပါရမီအကြောင်းပြောမယ်ဆိုရင် သူက အကောင်းဆုံးဆိုတာတော့ သံသယဖြစ်စရာမရှိခဲ့ပါဘူး”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: sunriseread

ဒါပေမယ့်လည်း နစ္စတယ်ရွိုင်းက ကာပယ်လိုရဲ့ပြောဆိုမှုကို တွစ်တာမှာ ချေဖျက်ခဲ့ပြီး ၂၀၀၆-၂၀၀၇ ရာသီတလျှောက်လုံး ရီးရဲမက်ဒရစ်ကစားသမားတွေဟာ ပရော်ဖက်ရှင်နယ်ဆန်မှုကို အမြင့်မားဆုံးပြသခဲ့တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

“အချို့ထုတ်ပြန်ချက်တွေက ဖော်ပြချက်အရ ကျွန်တော်က ကာပယ်လိုကို ရီးရဲမက်ဒရစ် အဝတ်လဲခန်းက အရက်စော်နံနေတယ်လို့ ပြောခဲ့တယ်တဲ့ကျွန်တော် အဲဒီပြောကြားမှုတွေကို အခိုင်အမာငြင်းပယ်ချင်ပါတယ်။ အဲဒီအသင်းက ပထမဆုံးနေ့ကနေစပြီး အမြင့်မားဆုံး ပရော်ဖက်ရှင်နယ်ဆန်မှုကို ပြသခဲ့တာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။