လီဗာပူးလ်ကြယ်ပွင့်တိုက်စစ်မှူး ဆာဒီယို မာနေးက အသင်းဖော် တိုက်စစ်မှူး ဖာမီနိုကို ချီးကျူးစကားပြောကြားခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ၎င်းရဲ့အနှစ်သက်ဆုံးအသင်းဖော်ဖြစ်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ယခုရာသီမှာ ပြီးခဲ့တဲ့ရာသီလောက်တော့ မကောင်းမွန်ခဲ့ဘဲ ဒဏ်ရာပြဿနာတွေ၊ ဆိုးရွားတဲ့စွမ်းဆောင်ရည်တွေက ယခုရာသီ အသင်းရဲ့ မတည်ငြိမ်တဲ့ စွမ်ေးဆာင်ရည်မှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်နေခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ဟာ ယခုရာသီမှာ အစွယ်ကျိုးနေတဲ့ပုံပေါ်ပြီး ဆာဒီယို မာနေး၊ ဖာမီနိုတို့ဟာ ဂိုးရှေ့မှာ မိုဟာမက် ဆာလားရဲ့ စွမ်းဆောင်ရည်အတိုင်း လိုက်လံ ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

Photo: Goal.com

ဖာမီနိုဟာ လီဗာပူးလ်အသင်း တိုက်စစ်ကို မကြာခဏ ပေါင်းစည်းပေးတဲ့ ကစားသမားဖြစ်ပြီး ၎င်းရဲ့ တကိုယ်ကောင်းမဆန်တဲ့ ဘောလုံးပေးပို့မှုတွေနဲ့ အမြင်ရှိမှုတွေက ကြောက်မက်ဖွယ်တိုက်စစ်ရဲ့ ပါဝင်ပစ္စည်းတွေထဲက အဓိကပါဝင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဆာလားနဲ့ မာနေးတို့က တိုက်စစ်ကို တက်ရောက်ချိန်မှာ ဖာမီနိုရဲ့အခန်းကဏ္ဍက နောက်ချန်နေခဲ့ပြီး ၎င်းတို့ ၂ ဦး ပင်နယ်တီဧရိယာထဲကို ဝင်ပြေးဖို့အတွက် နေရာလွတ် ရှာဖွေပေးရတာဖြစ်ပါတယ်။

“ဖာမီနိုနဲ့ မိုဆာလားတို့က ကျွန်တော့်ထက်ကို ပိုပြီး ချီးကျူးမှုတွေနဲ့ ထိုက်တန်သူတွေပါ။ သူက အမြဲတမ်း ဂိုးသွင်းနိုင်မယ့်အခွင့်အလမ်းကို မြင်ပြီး သူ မပါဘဲ ကျွန်တော် ဒါမှမဟုတ် မိုဆာလားတို့ သွင်းယူတဲ့ဂိုးက အခု ကျွန်တော်တို့ သွင်းယူထားနိုင်တဲ့ဂိုးလောက် ရှိမှာမဟုတ်ဘူးထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော်တို့အတွက် အရာအားလုံးကို ပိုလွယ်ကူအောင်လုပ်ပေးနေလို့ပါ”

Photo: This Is Anfield

“ကျွန်တော် သူ့ကို နှစ်သက်မိတယ်။ အသင်းဖော်တစ်ယောက်အနေနဲ့ဆိုရင်လည်း သူက ကျွန်တော့်ရဲ့အနှစ်သက်ဆုံး အသင်းဖော်ပါ။ သူ့ကို ကျွန်တော် ချစ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။