ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းဟောင်း မန်ချက်စတာစီးတီးအသင်းကို လှောင်ပြောင်သရော်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ သောကြာနေ့ညနေမှာ ၎င်းတို့ရဲ့ နွေရာသီ ဒုတိယမြောက်ကစားသမားခေါ်ယူမှုအဖြစ် ဆန်ချိုကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဟာ ၂၀၁၇ ခုနှစ်မှာ မန်စီးတီးကို စွန့်ခွာပြီး ဒေါ့မွန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး ကောင်းသော လမ်းခွဲခြင်းနဲ့ လမ်းခွဲခဲ့တာမဟုတ်ဘဲ အင်္ဂလန်ကြယ်ပွင့်ရဲ့ အကြောင်းပြချက်ကတော့ ပွဲကစားချိန်မရှိတာကြောင့် လမ်းခွဲခဲ့တာလို့ သိရ့ါတယ်။

Erling Haaland Finally Reacts To Close Friend Jadon Sancho

Photo: The Independent

မန်ချက်စတာယူနိုက်တက်အသင်းဟာ “ဒါက ကျွန်တော့်ရဲ့ ကလပ်ပါ။ ကျွန်တော်နဲ့ သက်ဆိုင်တဲ့ နေရာက ဒီနေရာပါပဲ”လို့ ပြောကြားထားတဲ့ ဆန်ချိုရဲ့ ဗီဒီယိုနဲ့ ကြေညာခဲ့တာဖြစ်ပါတယ်။ ဆန်ချိုရဲ့ ပြောစကားကတော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက်ဖြစ်တဲ့ မန်ချက်စတာစီးတီးအသင်းအတွက် တော်တော်လေး ခါးသီးမယ့်ပုံပေါ်ပြီး ပရိသတ်တွေဟာ အပြောင်းအရွှေ့ကြေညာခဲ့တဲ့ ဗီဒီယိုထဲက အင်္ဂလန်ကြယ်ပွင့်ရဲ့ မှတ်ချက်ကို သတိပြုမိခဲ့ပြီးနောက် လူမှုကွန်ရက်မှာ ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် နွေရာသီက အပြောင်းအရွှေ့ဖြစ်ပျက်တော့မယ့်ပုံပေါ်ခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းက ဒေါ့မွန်အသင်းတောင်းဆိုခဲ့တဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ငြင်းဆန်ခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်က ဆန်ချိုရဲ့အပြောင်းအရွှေ့ကို ၎င်းတို့ဘာသာ ကြေညာပြီး ဒေါ့မွန်အသင်းကို သရော်ခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းက ရာသီကြိုလေ့ကျင့်ရေးက ဆန်ချိုရဲ့ ပုံကို “ဒါကို မြင်ရတာ ခင်ဗျား နှစ်သက်မှာပါ”ဆိုတဲ့ ပုံကို တင်ခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆန်ချိုကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ရဲ့ ခြေလှမ်းများဆိုတဲ့ ပုံမှာ တူညီတဲ့စာသားကို အသုံးပြုပြီး ဒေါ့မွန်အသင်းကို ပြန်လည်ချေပခဲ့ပါတယ်။ ဆန်ချိုက ပရိသတ်တွေကို ၎င်းအနေနဲ့ ယူနိုက်တက်နဲ့အတူ ထိပ်တန်းဆုဖလားတွေ ရရှိချင်ပြီး အသင်းအတွက် စတင်ကစားပေးဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

Jadon Sancho savagely mock Manchester city

Photo: bvbbuzz

“မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အခွင့်အရေးက အိပ်မက်တွေ တကယ်ဖြစ်လာတာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက် ကျွန်တော် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ဒီအသင်းက ငယ်ရွယ်ပြီး စိတ်လှုပ်ရှားစရာ လူစာရင်းရှိပါတယ်။ ကျွန်တော်တို့ အတူတူသာဆိုရင် ပရိသတ်တွေထိုက်တန်တဲ့ အောင်မြင်မှုကို ယူဆောင်နိုင်ဖို့ ထူးခြားတဲ့ တစုံတရာဖြစ်လာတဲ့အထိ တိုးတက်လာနိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်”

“နည်းပြနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဝင်တွေနဲ့အတူ ကျွန်တော့်ရဲ့ ပွဲစဉ်တွေကို နောက်ထပ်ပိုမိုတိုးတက်လာဖို့အတွက် လုပ်ဆောင်ဖို့ စောင့်မျှော်နေပါတယ်”လို့ ဆန်ချိုက ဗီဒီယိုထဲမှာ ပြောကြားသွားခဲ့ပါတယ်။