သိပ္ပံစိတ်ကူးယဉ် Sci-Fi ရုပ်ရှင် ဇာတ်ကား တွေဟာ ကြည့်ရှုသူ ရုပ်ရှင်ချစ်သူတွေအတွက် ဆန်းသစ်တဲ့ အနုပညာ ဖန်တီးမှုရသတွေ ၊ မတူညီတဲ့ အတွေးအခေါ် အမြင်အသစ်တွေနဲ့ ကွဲပြားတဲ့ ခံစားမှုအသစ်တွေကို အမြဲပေးပါတယ်။ ၇၀ / ၈၀ ခုနှစ်တွေ ကစလို့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တွေရဲ့ ပရိသတ်နှစ်ခြိုက်အားပေးခံရမှုဟာ တစထက်တစ တဟုန်ထိုး မြင့်တက်လာခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ခေတ်တစ်ခုစီတိုင်းမှာ အကောင်းဆုံးဆိုတဲ့ သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားကောင်းတွေ လက်ချိုးရေလို့မရအောင် ထွက်ရှိခဲ့ပါတယ်။ ဒီတစ်ခေါက်မှာတော့ ရုပ်ရှင်ချစ်သူ ကွီးပရိသတ်တွေအတွက် အားလပ်ရက် Weekend မှာ အနားယူအပန်းဖြေနိုင်ဖို့ သိပ္ပံစိတ်ကူးယဉ် ဇာတ်ကားကောင်းတွေထဲက အချို့ကို ရွေးချယ်တင်ဆက်ပေးချင်ပါတယ်။

(၁) A.I. Artificial Intelligence (2001)

Source : TrailersPlaygroundHD

A.I. Artificial Intelligence (2001) ဇာတ်ကား ကတော့ အမေရိကန် ဒါရိုက်တာ Steven Spielberg ရဲ့ လုံးဝကြီးကိုမိုက်တဲ့ Sci-Fi / Fantasy ရုပ်ရှင်ကောင်းကား တစ်ကားပါ။ ဒီဇာတ်ကားရဲ့ ထူးခြားမှုကတော့ ဇာတ်လမ်းဇာတ်အိမ်နဲ့ ဇာတ်ရှိန်အတက်အကျ အချိုးအကွေ့တွေက တော်တော်လေး ခန့်မှန်းရခက်သလို စိတ်ဝင်စားဖို့ တော်တော်လေး ကောင်းတာပါ။ IMDb Rating အနေနဲ့လည်း 7.2/10 အထိ ရရှိထားပါတယ်။ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း Haley Joel Osment ၊ Jude Law ၊ Frances O’Connor ၊ Sam Robards ၊ Jake Thomas ၊ William Hurt တို့လို နာမည်ကြီးတွေ ချည်းပါပဲ။ ဆိုတော့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ကိုမှ မတူကွဲပြားတဲ့ ပုံစံ ၊ စိတ်ဝင်စားဖို့ကောင်းတဲ့ တင်ဆက်မှုတွေနဲ့ အနုပညာခံစားချက် အသစ်တွေကို ခံစားကြည့်ရှုချင်ရင်တော့ A.I. Artificial Intelligence (2001) ဇာတ်ကားလေးက လုံးဝကြည့်ကို ကြည့်ရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

(၂) Arrival (2016)

Source : Paramount Pictures

Arrival (2016) ဇာတ်ကား လေးကတော့ တော်တော်လေး လှလှပပ ဖန်တီးပုံဖော်ထားတဲ့ Sci-Fi ရုပ်ရှင်ကားကောင်း တစ်ကားပါ။ အမေရိကန်စာရေးဆရာ Ted Chiang ရဲ့ “Story of Your Life” ဆိုတဲ့ ဇာတ်လမ်းတိုကို အခြေခံပြီး ရုပ်ရှင်အဖြစ် အသက်သွင်းထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံလေးက ကမ္ဘာဂြိုလ်ပေါ် ကျူးကျော်ဝင်ရောက်လာတဲ့ ဂြိုလ်သားတွေအကြောင်းကို စိတ်ဝင်စားဖို့ကောင်းအောင် ဇာတ်အိမ်တည် ရိုက်ကူးထားတာပါ။ Jeremy Renner ၊ Amy Adams ၊ Forest Whitaker နဲ့ Michael Stuhlbarg တို့လို နာမည်ကြီး သရုပ်ဆောင်တွေ အဓိကပါဝင်ထားပြီး ကနေဒါလူမျိုး ရုပ်ရှင်ဒါရိုက်တာ Denis Villeneuve ရဲ့ လက်ရာဖြစ်ပါတယ်။ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်ကောင်းကောင်းလေးမှ ကြည့်ချင်တဲ့ ကွီးတို့ကတော့ Arrival (2016) ဇာတ်ကားလေးက လုံးဝကြည့်သင့်တဲ့ ဇာတ်ကားကောင်း တစ်ကားပါပဲ။

(၃) Bumblebee (2018)

Source : Paramount Pictures

Bumblebee (2018) ဇာတ်ကား လေးက Transformers ဖန်တွေ သေချာပေါက် ကြိုက်မယ့် Sci-Fi / Action ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်ပါတယ်။ လူသားတွေနဲ့ စက်ရုပ်တွေကြားက ဆက်နွယ်မှုသံယောဇဉ်တွေကို ချပြထားပြီး ကမ္ဘာမြေပေါ် ရောက်ရှိလာတဲ့ စက်ရုပ်အသွင်ပြောင်းကားလေး Bumblebee နဲ့ သူရဲ့ ရန်သူတော်တွေရဲ့ စက်ရုပ်စစ်ပွဲတွေကိုလည်း အက်ရှင်ဆန်ဆန် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ John Cena ၊ Hailee Steinfeld ၊ Peter Cullen ၊ Gracie Dzienny နဲ့ Jason Drucker တို့လို သရုပ်ဆောင်တွေ အများကြီးပါဝင်ရိုက်ကူးထားပြီး ဇာတ်လမ်းဇာတ်အိမ်ကောင်းကောင်းနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။

(၄) Life (2017)

Source : Sony Pictures Entertainment

Life (2017) ဇာတ်ကား ကတော့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင် ဇာတ်ကား တွေထဲမယ် အတော်လေး ထူးခြားပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ ဇာတ်ကားတစ်ကားလို့ ပြောရပါမယ်။ ဆွီဒင်လူမျိုး ရုပ်ရှင်ဒါရိုက်တာကြီး Daniel Espinosa ရဲ့ ဖန်တီးမှု လက်ရာ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားသူတွေကလည်း Jake Gyllenhaal ၊ Ryan Reynolds ၊ Rebecca Ferguson ၊ Hiroyuki Sanada ၊ Olga Dykhovichnaya နဲ့ Ariyon Bakare တို့လို လုံးဝ ဒိတ်ဒိတ်ကြဲ ဟောလိဝုဒ် စတားတွေပါပဲ။ Mars ဂြိုလ်ပေါ်ကနေ သယ်ယူလာတဲ့ သက်ရှိမျိုးစိတ်အသစ်လေးနဲ့ လူသားတွေရဲ့ စူးစမ်းဆန်းသစ်မှုတွေကြောင့် အဲ့ဒီကနေတဆင့် ဖြစ်တည်လာတဲ့ အကျိုးဆက်တွေကို စိတ်ဝင်စားဖွယ်ကောင်းအောင် ဇာတ်အိမ်တည်ပုံဖော် ရိုက်ကူး ထားပါတယ်။ IMDb Rating: 6.6/10 ရရှိထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး ကွီးတို့ ကြည့်ရကျိုးနပ်စေမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

Source : MovieWeb

Featured Photo : Looper