COVID-19 ရောဂါကြောင့် အိမ်တွင်းအောင်းရတဲ့ ရက်တွေကြာလာတာနဲ့အမျှ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ယို့ယွင်းမှုတွေရှိလာပြီး စိတ်ဖိစီးမှုနဲ့ စိုးရိမ်သောကတွေ များလာကြပါတယ်။ Johns Hopkins တက္ကသိုလ်မှ ကျန်းမာရေးဆိုင်ရာသုတေသီတွေက Stay Home ကာလအတွင်းမှာ လူအများစုခံစားနေရတဲ့ စိတ်ဖိစီးခြင်း စိတ်မပျော်မရွှင်ဖြစ်ခြင်းတို့ကို သက်သာစေပြီး စိတ်အပန်းပြေစေမယ့် activities လေးတွေကို ပြောပြပေးလာပါတယ်။ သိပ္ပံနည်းကျလေ့လာထားတဲ့ နည်းလမ်းလေးတွေဖြစ်တာကြောင့် ဖတ်ကြည့်လိုက်ရအောင်ပါ။
(၁) ဆေးရောင်ခြယ်ပါ

Source : Pinterest
ငယ်ငယ်က ရောင်စုံခဲတံလေးတွေနဲ့ ဆေးရောင်ခြယ်ခဲ့ကြတာကို မှတ်မိကြအုန်းမယ်ထင်ပါတယ်။ သိပ္ပံနည်းကျလေ့လာမှုတွေအရ ရှုပ်ထွေးတဲ့ geometric ပုံတွေကို ဆေးရောင်ခြယ်တာက စိတ်ကိုတည်ငြိမ်စေပြီး စိတ်ဖိစီးမှုနဲ့စိုးရိမ်ပူပန်ခြင်းတွေလျော့ကြစေတယ်လို့ ဆိုပါတယ်။
(၂) သူငယ်ချင်းတွေနဲ့ ဆက်သွယ်ပါ

Source : Human Resource
အိမ်တွင်းအောင်းကာလမှာ လူမှု့ပတ်ဝန်းကျင်နဲ့ အဆက်သွယ်ပြတ်မနေဖို့ကလည်း အရေးကြီးပါတယ်။ ဒါ့ကြောင့် သင့်သူငယ်ချင်းတွေ မိတ်ဆွေ BFF တွေနဲ့ အမြဲအဆက်သွယ်လုပ်ပေးပါ။ သုတေသနပြုချက်တွေအရ လူမှုရေးအထောက်အပံ့ရှိခြင်းက စိတ်ဖိစီးမှုများကို ခံနိုင်ရည်ရှိစေတယ်လို့ဆိုတာကြောင့် ချစ်ရတဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အွန်လိုင်းပေါ်က Video Call ခေါ်တာ ဖုန်းဆက်တာမျိုးတွေ မကြာခဏလုပ်ပေးသင့်ပါတယ်။
(၃) ယောဂလေ့ကျင့်ပါ

Source : Indeed
ယောဂကစားနည်းဟာ ကာယလှုပ်ရှားမှုတစ်ခုအဖြစ်သာမက ရေရှည် စိတ်ဖိစီးမှုနှင့် စိုးရိမ်ပူပန်စိတ်တွေကိုပါ တားဆီးပေးနိုင်ကြောင်း လေ့လာမှုများကဖော်ပြထားပါတယ်။ အားကစားရုံသွားစရာမလို ပစ္စည်းကိရိယာများများစားစားမလိုဘဲ အိမ်မှာလွယ်လွယ်ကူကူပြုလုပ်လို့ရတဲ့ အကျိုးသက်ရောက်များစွာရှိတဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ ယောဂကိုပထမဆုံးစလုပ်မယ့် သူတွေအနေနဲ့ Yoga With Adriene ၊ CorePower Yoga ၊ Man Flow Yoga စတဲ့ Youtube channel တွေကနေသွားရောက်ကြည့်ရှုပြီး လေ့ကျင့်နိုင်ပါတယ်။
(၄) သီချင်းနားထောင်ပါ (သို့) တူရိယာတီးပါ

Source : Antargaz
တေးဂီတ နားထောင်ခြင်း(သို့) တီးခတ်ခြင်းက စိတ်ဖိစီးမှုနှင့် မကောင်းတဲ့ စိတ်ခံစားမှုတွေကို ပြေလျော့သက်သာစေပြီး စိတ်ခံစားမှုကိုမြှင့်တင်ပေးပါတယ်။ ကင်ဆာဝေဒနာရှင်များနဲ့ ပတ်သက်ပြီး လေ့လာမှုတစ်ခုပြုလုပ်ခဲ့ရာမှာလည်း သီချင်းနဲ့ ဂီတသံစဉ်တွေက လူတွေရဲ့စိတ်နေစိတ်ထားကိုမြှင့်တင်ပေးပြီး စိုးရိမ်စိတ်နှင့် နာကျင်မှုတွေကိုလျော့နည်းစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ ဒါကြောင့် အိမ်မှာနေတဲ့အချိန်တွေမှာ စိတ်ဖိစီးမှုတွေလျော့ကျစေဖို့ သီချင်းများများနားထောင်ပါ (သို့) တူရိယာတီးပါ။
