လူတိုင်းလူတိုင်းမှာ ခင်မင်ရတဲ့ သူငယ်ချင်းအပေါင်းအသင်းတွေဆိုတာ ရှိကြစမြဲပါ။ သို့သော် သူငယ်ချင်းတိုင်းက သူငယ်ချင်းကောင်းမဖြစ်နိုင်ပါဘူး။ ယေဘုယျအားဖြင်တော့ သူငယ်ချင်းကောင်းဆိုတာ ပွင့်ပွင့်လင်းလင်းရှိတယ် ၊ သင်အခက်အခဲဖြစ်လာရင် ကူညီဖို့ဝန်မလေးဘူး ၊ သင်မကြိုက်ဘူးထင်တဲ့ အမှန်တရားတွေကိုတောင်မှ ပြောဖို့တွန့်ဆုတ်မနေဘူး ၊ သင့်ရဲ့ ဖြစ်တည်မှုကိုလက်ခံပေးနိုင်တယ် ၊ အမြင်ချင်းမတူရင်တောင် တစ်ယောက်နဲ့တစ်ယောက် ထင်မြင်ချက်တွေအပေါ် အပြန်အလှန်လေးစားသမှုရှိတဲ့ သူတွေဖြစ်ပါတယ်။ တကယ့်လက်တွေ့ဘဝမှာ ဒီထက်ပိုကောင်းတဲ့ အချက်တွေလည်းများစွာရှိနိုင်ပါသေးတယ်။ ဒီနေ့ပြောပြပေးမယ့်အကြောင်း အရာလေးကတော့ သင့်ဘဝမှာ ဘာကြောင့်သူငယ်ချင်းကောင်းတွေရှိသင့်တာလဲ သူငယ်ချင်းကောင်းတွေရှိခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေဖြစ်မလဲ လေ့လာကြည့်ရအောင်။
(၁) စိတ်ဖိစီးမှုလျော့နည်းစေတယ်

Source : Exclamation Events
၂၀၁၁ ခုနှစ်ကလေ့လာမှုတစ်ခုအရ သူငယ်ချင်းကောင်းတွေရှိခြင်း သူငယ်ချင်းကောင်းတွေနဲ့အချိန်ကုန်ဆုံးရခြင်းက စိတ်ဖိစီးမှု အထီးကျန်ခြင်းနှင့် စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကိုလျော့နည်းစေတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ် အရင်းနှီးဆုံး သူငယ်ချင်းကောင်းတွေနဲ့ အတူတူရှိနေရတဲ့အချိန်က သင့်ကိုရယ်မောပျော်ရွင်ခြင်းတွေပေးစွမ်းနိုင်ပြီး စိတ်ဖိစီးမှုတွေနဲ့ မကောင်းတဲ့စိတ်ပိုင်းဆိုင်ရာခံစားချက်တွေကို အကောင်းဆုံးလျော့ကျသက်သာစေမှာဖြစ်ပါတယ်။
(၂) အကြံဉာဏ်ကောင်းတွေပေးနိုင်တယ်

Source : Stocksy United
သူငယ်ချင်းကောင်းတွေဆိုတာ တိုင်ပင်ပေါ်တိုင်ပင်ဖတ်တွေလို့ပြောရင် မမှားနိုင်ပါဘူး။ သူတို့ဟာ သင့်ဘဝအတွက် ကောင်းမွန်တဲ့အကြံဉာဏ်တွေကိုပေးနိုင်သလို သင့်ဘဝထဲက အနုတ်သဘောဆောင်တဲ့အရာတွေကိုလည်း ထောက်ပြပေးနိုင်ပြီး သင့်ကိုပိုကောင်းတဲ့လူတစ်ယောက်ဖြစ်စေဖို့ အကြံဉာဏ်ကောင်းတွေ အကူအညီတွေပေးနိုင်တဲ့ သူတွေပဲ ဖြစ်ပါတယ်။
(၃) နွေးထွေးမှုပေးနိုင်တယ်

Source : Redbook
တစ်ယောက်နဲ့ တစ်ယောက် အရမ်းခင်သွားကြတဲ့ သူငယ်ချင်းတွေကြားမှာ သူငယ်ချင်းထက်ပိုတဲ့ ညီအစ်ကိုလိုဆက်ဆံရေး မိသားစုလိုဆက်ဆံရေးမျိုး ဖြစ်လာပါတယ်။ ရင်ဖွင့်ဖော် ရင်ဖွင့်ဖက်တွေ ဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက် ခံစားချက်တွေ မျှဝေခံစားပေးနိုင်လာပါတယ်။ သူငယ်ချင်းကောင်းတွေက သင့်ဘဝအတွက် နွေးထွေးမှုပေးနိုင်တဲ့ အကောင်းဆုံးလူသားတွေပါ။
(၄) အသက်ရှည်စေနိုင်တယ်

Source : The Times
သုတေသီတွေရဲ့အဆိုအရတော့ ဝါသနာတူ အကြိုက်ချင်းတူတဲ့ သူငယ်ချင်းကောင်းတွေရှိထားခြင်းက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ တိုးတက်ကောင်းမွန်စေပြီး သင့်ခန္ဓာကိုယ်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေဖို့ ကူညီပေးနိုင်တယ်လို့ဆိုပါတယ်။ ဒါ့ကြောင့် သူငယ်ချင်းကောင်းတွေရှိခြင်းက အသက်ရှည်ကျန်းမားခြင်းရဲ့ လျို့ဝှက်ချက်တစ်ခုဆိုလည်းမမှားနိုင်ပါဘူး။
