လူတိုင်းမှာ ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ထားတဲ့အရာတွေ ရှိကြစမြဲပါ။ ယောင်္ကျားလေးထုကြီးမှာလည်း ယောင်္ကျားလေးတွေရဲ့ပင်ကိုယ်စရိုက်နဲ့အညီ မိန်းကလေးတွေ မသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိတာပါပဲ။ ယောင်္ကျားလေးတစ်ယောက်ကို နားလည်ချင်တဲ့ မိန်းကလေးတစ်ယောက်အဖို့ အခုပြောမယ့်အချက်လေးတွေလည်း အရင်သိထားဖို့ လိုပါလိမ့်မယ်။

(၁) ယောင်္ကျားတွေမှာ တစ်ယောက်တည်းနေချင်တဲ့အချိန်တွေ ရှိတယ်

Photo: Freepik

မိန်းကလေးတစ်ယောက်ကို သေမလောက် ချစ်ပါတယ်ဆိုတဲ့ ယောင်္ကျားတစ်ယောက်မှာလည်း ဘာမှ မလုပ်ချင်ဘဲ တစ်ယောက်တညည်းနေလိုက်ချင်တဲ့ အချိန်တွေ ရှိပါတယ်။ Me-Time လို့ ခေါ်နိုင်ပါတယ်။ အဲ့ဒီလို ကိုယ်တစ်ယောက်တည်း တစ်ကိုယ်ရေ နေချင်တဲ့အချိန်တွေမှာ ဂရုမစိုက်ရကောင်းလားဆိုပြီး ဖိအားပေးကြိမ်းမောင်းတာမျိုး မလုပ်ပါနဲ့။ အလွယ်လေး စိတ်ကုန်သွားနိုင်ပါတယ်။

ယောင်္ကျားတစ်ယောက် စိတ်လေနေချိန်မှာ အလိုက်သတိနဲ့ အနားမှာ အားပေးဖော်အဖြစ် ရှိနေတဲ့သူကို ဘယ်တော့မှ မမေ့တတ်ဘူးဆိုတာ သိထားစေချင်ပါတယ်။ ယောင်္ကျားတွေဟာ မိန်းကလေးတွေလိုတော့ မျက်ရည်မကျပါဘူး။ ဒါပေမဲ့ ဘာလုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်နေတဲ့အချိန်က မိန်းကလေးတွေထက် ပိုများနိုင်ပါတယ်။ နားလည်ပေးတတ်ပါစေ။

(၂) ယောင်္ကျားတွေဟာ အသေးစိတ် အာရုံစိုက်လေ့မရှိဘူး

Photo: Freepik

စစ်စစ်ပေါက်ပေါက် လုပ်တတ်တဲ့ ယောင်္ကျားမျိုးက ရှားပါတယ်။ များသောအားဖြင့် မိန်းကလေးတွေကပဲ အစစအရာရာ အသေးစိတ် ကြည့်တတ်မှတ်မိတတ်တာ ဖြစ်ပါတယ်။ ယောင်္ကျားအများစုရဲ့ သဘာဝကတော့ အခြေအနေနဲ့ ဖြစ်စဉ်တစ်ခုလုံးကို ခြုံပြီးပဲ ကြည့်လေ့ ရှိတာ ဖြစ်ပါတယ်။ အသေးစိတ်စစ်စစ်ပေါက်ပေါက်တွေ သူတို့ကို ပြောလာရင် ခေါင်းနောက်တတ်ပါတယ်။

(၃) ယောင်္ကျားတွေမှာလည်း အူကြောင်ကြောင် အတွေးတွေ တွေးမိတတ်ပါတယ်

Photo: Freepik

တစ်ခါတလေမှာ ယောင်္ကျားတစ်ယောက်ဟာ ကလေးဆန်တဲ့အတွေးတွေ တွေးနိုင်ပါတယ်။ ယောင်္ကျားရင့်မကြီး ဖြစ်လို့ လူကြီးလိုပဲ တွေးရမယ်လို့ အတင်းအကြပ် ဖိအားမပေးလိုက်ပါနဲ့။ မိန်းကလေးနဲ့ ယောင်္ကျားလေး အတွေးမတူတာကို နားလည်ပေးသလိုပဲ ဆက်ဆံရေးမှာ အဆင်ပြေချင်တယ်ဆိုရင် ယောင်္ကျားလေးတွေရဲ့ တွေးခေါ်ပုံတချို့ကိုလည်း လက်ခံပေးဖို့ လိုပါတယ်။

(၄) ယောင်္ကျားလေးတွေလည်း လန့်တာပဲ

Photo: Freepik

လူကြမ်းကြီးတွေလို့ ထင်နိုင်ပါတယ်။ဒါပေမဲ့ ယောင်္ကျားတွေလည်း မိန်းကလေးတွေလို အကြောက်တရားရှိပါတယ်။ သင့်ရှေ့မှာ ဟီးရိုးကြီးအဖြစ် အမြဲမြင်ချင်ရင်တော့ DC နဲ့ Marvel ကားထဲက ဇာတ်ကောင်တွေကိုပဲ စိတ်ကူးယဉ်သင့်ပါတယ်။ ယောင်္ကျားတွေ သတ္တိနည်းသွားတဲ့အခါမျိုးဆိုတာလည်း သဘာဝပါပဲ။