တိုနီရောဘင်စ်ကို စီးပွားရေးလောကမှာရော အဟောအပြောလောကမှာပါ ဆရာတစ်ဆူအဖြစ် လူသိများကြပါတယ်။ နှစ်ပေါင်း ၃၀ ကျော်ကြာ စီးပွားရေးလောကမှာ အောင်မြင်မှုတွေ ရခဲ့သလို အောင်မြင်ရေးဆိုင်ရာ ကျမ်းကြီးကျမ်းငယ် အသွယ်သွယ်လည်း ပြုစုပြီး စိတ်ခွန်အားဖြည့် ဟောပြောရေးပညာရှင်အဖြစ်လည်း ဖြတ်သန်းခဲ့တဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးပါ။

ဒေါ်လာသန်းပေါင်းများစွာ ရှာနိုင်ခဲ့တဲ့ စီးပွားရေးသမားဖြစ်ခဲ့သလို တခြားသူတွေကိုလည်း ဒေါ်လာသန်းပေါင်းများစွာ ဝင်ငွေရအောင် နည်းပေးလမ်းပြလုပ်ခဲ့သူ ဖြစ်ပါတယ်။ တိုနီရော်ဘင်စ်ရေးတဲ့ စာအုပ်တွေထဲမှာ Unlimited Power နဲ့ Unleash the Power Within တို့ဆို စီးပွားရေးလောကသားတွေအပြင် ဘဝကို ပိုကောင်းအောင် တည်ဆောက်ချင်သူတွေ လက်စွဲပြုဖတ်ရပါတယ်။ ဒီလို လူတစ်ယောက်ဆီက အောင်မြင်တဲ့ဘဝကို သွားဖို့အတွက် သိသင့်တဲ့ လျှို့ဝှက်ချက်တွေက ဘာတွေ ဖြစ်မလဲ ကြည့်လိုက်ရအောင်ပါ။

(၁) သတိတရား အမြဲထားပါ

mindfulness on the stand

Photo: Unsplash

စိတ်ကို အမြဲစုစည်းပြီး သတိနဲ့နေတဲ့အကျင့်လုပ်ကြည့်ပါ။ တိုနီရော်ဘင်စ် ပြောတဲ့အောင်မြင်ရေးလျှို့ဝှက်ချက်တစ်ခုက မနက်တိုင်း တရားထိုင်ဖို့ပါတဲ့။ တရားထိုင်တဲ့အလေ့အကျင့်က စိတ်ရဲ့စွမ်းအင်နဲ့ လူရဲ့ကျန်းမာရေးကို အမြဲတမ်း မြှင့်တင်ပေးနိုင်စွမ်းရှိပါတယ်။ ရှေးနှစ်ပေါင်းများစွာကတည်းက တရားထိုင်မှုကို စိတ်အဆင့်မြှင့်တင်ဖို့ နည်းလမ်းအဖြစ် အဆင့်ဆင့် ညွှန်ကြားလာတာပါ။ အောင်မြင်ချင်တဲ့လူတစ်ယောက်အဖို့ သတိရှိပြီး အားကောင်းတဲ့စိတ်စွမ်းအင်က သူ့ရဲ့ပိုင်ဆိုင်မှုတွေထဲမှာ တန်ဖိုးအရှိဆုံးစိတ်အရင်းအမြစ်တစ်ခု ပါပဲ။

(၂) စိတ်နဲ့ခံစားမှု အသစ်ပြန်စပါ

reset mood and mind

Photo: Unsplash

စိတ်နဲ့ခံစားချက် Mood အခြေအနေကို Rest လုပ်တဲ့အကျင့် မွေးပါ။ အကောင်းမြင်တဲ့စိတ်မွေးတာ ၊ မကောင်းတဲ့စိတ်/ခံစားလွယ်တဲ့စိတ်တွေကို ထိန်းသိမ်းပြီး အကောင်းဆုံးအနေအထားမှာ စိတ်ကို ထားတတ်ဖို့ လေ့ကျင့်ရပါမယ်။ခန္ဓာကိုယ်နဲ့ စိတ်နဲ့ စည်းချက်ညီမနေရင် စွမ်းဆောင်ရည်ကျဆင်းပြီး ဘာအလုပ်မှ မယ်မယ်ရရ လုပ်ဖြစ်မှာ မဟုတ်ပါဘူး။ စိတ်ရောလူပါ သိပ်ပင်ပန်းလာတဲ့အခါ နားပြီး Reset လုပ်လိုက်တာနဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်အကြား စည်းချက်မှန်သွားပြီး စွမ်းဆောင်ရည်မြင့်တဲ့လူတစ်ယောက် ၊ ပိုပြီး ပျော်ရွှင် ၊ ယုံကြည်မှုပို ရှိသူတစ်ယောက် ဖြစ်လာမှာပါ။

(၃) လွှတ်ချတတ်ပါစေ

Let It Go

Photo: Unsplash

သင့်ကို ခြောက်လှန့်နေတဲ့ အတိတ်တွေရဲ့ ဖုံးလွှမ်းမှုကို လက်မခံဘဲ လွှတ်ချလိုက်ပါ။ တချိန်က မှားခဲ့တဲ့အမှားတွေကို တစ်နှစ်ပြီးတစ်နှစ် သယ်သွားစရာမလိုပါဘူး။ အတိတ်တွေဆိုတာ ပြန်ပြီး ပြုပြင်လို့ မရတော့တာတွေ ဖြစ်လို့ အမှားတွေနဲ့ ရှုံးနိမ့်တဲ့ဒဏ်ချက်တွေကို ဆုပ်ကိုင်ထားတာဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ လိုပါတယ်။ ဘဝမှာ ပြောင်းလဲလို့ မရတဲ့အရာတွေနဲ့ ကြုံလာရင် Let It Go လုပ်တတ်ခြင်းကလည်း အရည်အချင်းတစ်ခုပါပဲ။ ခေါင်းထဲမှာ မလိုအပ်တာတွေ ရှင်းထုတ်နိုင်လေလေ သင်သွားမယ့်လမ်းကို ပိုပြတ်ပြတ်သားသား ထင်ထင်ရှားရှား မြင်ရလေလေပါပဲ။

(၄) ယုံကြည်မှုရှိအောင် နေပါ

man looking good

Photo: Unsplash

စာအုပ်အဖုံးကို ကြည့်ရုံနဲ့ ဆုံးဖြတ်လို့ မရဘူးဆိုတဲ့ စကားက ငြင်းစရာမရှိအောင် မှန်ပါတယ်။ ဒါပေမယ့်လည်း လူတွေကတော့ ကိုယ်နဲ့ အစိမ်းသက်သက် အခုမှ သိရတဲ့လူတွေကို သူတို့မြင်တဲ့အဖုံးတွေနဲ့ ဆုံးဖြတ်တယ်ဆိုတာလည်း မေ့ထားလို့ မရပါဘူး။ လူအချင်းချင်း အထင်ကြီးမှုဆိုတဲ့ Impression ဟာ မြင်မြင်ချင်း အခိုက်အတန့်မှာ အမြဲပဲ စတင်ပါတယ်။ ‘
သင့်ရဲ့ စကားပြောဆိုဟန် ၊ အသုံးအနှုန်း ၊ လှုပ်ရှားသွားလာမှုနဲ့ ဝတ်ပုံစားပုံ စတဲ့ အသွင်အပြင်အားလုံးဟာ တခြားသူတွေ သင့်ကို အရင်ဆုံး မြင်တဲ့ သင့်ရဲ့ အဖုံးပါပဲ။ သင့်စကားကို လေးစားသမှုနဲ့ နားထောင်ဖို့ ၊ သင့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ သူစိမ်းတွေရှေ့မှာ သင်ဟာ Looking Great ဖြစ်နေဖို့ လိုပါတယ်။ ဒါကြောင့် ဘယ်တော့မဆို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ပုံစံနဲ့ နေထိုင်ပါလို့ တိုနီ ရော်ဘင်စ်က အကြံပေးထားပါတယ်။

(၅) စိတ်ဖိစီးမှုကို ကိုင်တွယ်တတ်ပါစေ

Healthy Workplace

Photo: Unsplash

စိတ်ဖိစီးလာရင် ဘာမှ လုပ်ချင်စိတ်မရှိဘဲ ပေါက်ကွဲပူလောင်နေတာမျိုး ဖြစ်ဖူးကြမှာပါ။ အောင်မြင်တဲ့ဘဝပိုင်ရှင်တွေက သာမန်လူတွေထက် စိတ်ဖိစီးမှုပိုများပါတယ်။ ဒါပေမယ့် သူတို့ဟာ Stress ကြောင့် Success ကို အထိခိုက်မခံပါဘူး။ စိတ်ဖိစီးမှုကောင်းကောင်း ကိုင်တွယ်တတ်ပါတယ်။ စိတ်ဖိစီးမှုကို ရင်ဆိုင်ပြီး ကြုံလာတဲ့ အခြေအနေတွေမှာ အကောင်းဆုံး ဆက်လျှောက်တတ်အောင် လေ့ကျင့်ယူတတ်ပါတယ်။ ဘဝမှာ ပိုပြီး မြင့်မားတဲ့နေရာမရောက်ခင် စကြဝဠာကြီးက သင့်ဆီကို တိတ်တဆိတ်ပေးလာတဲ့ လျှို့ဝှက်မက်ဆေ့တစ်ခုက အခက်အခဲ ၊ သောကနဲ့ အတားအဆီးတွေပါပဲ။ ဒီမက်ဆေ့ကို အဓိပ္ပါယ်ဖော်တတ်သူဟာ အောင်မြင်မှုတံခါးဖွင့်ဖို့ မန္တန်တစ်ပုဒ်ရလိုက်တာပဲလို့ ဆိုချင်ပါတယ်။

Featured Photo: NBC News