အနိမ့်အမြင့်အတက်အကျမျိုးစုံ ကြုံတွေ့ရတဲ့ဘဝကြီးမှာ ပျော်ရွှင်စရာ စိတ်ညစ်စရာများကလည်း အတူတူယှဉ်တွဲနေတာပါ။ စိတ်ညစ်စရာများကို အာရုံစိုက်လေလေ စိုးရိမ်ပူပန်စိတ်က ပိုများလေလေပါပဲ။ ဒါဆိုရင် စိုးရိမ်ပူပန်စိတ်ကို လျော့ချနိုင်အောင် ဘဝမှာ ပျော်ရွှင်စွာနေထိုင်နိုင်မယ့် နည်းလမ်းအချို့က ဘာများဖြစ်မလဲ။
ကောင်းသောအရာများပေါ်တွင်သာ အာရုံစိုက်ထားပါ
ရေရှည်ပျော်ရွှင်မှုကို ပိုင်ဆိုင်နိုင်ဖို့အတွက် သင့်ဦးနှောက်ကို မကောင်းသောအရာကနေ ကောင်းသောအရာများကိုသာ ရှုမြင်တတ်ဖို့ကို လေ့ကျင့်ထားသင့်ပါတယ်။ ဒီလိုလေ့ကျင့်ဖို့အတွက် အနည်းဆုံး ၁ မိနစ်၊ ၂ မိနစ်ခန့် အချိန်ပေးဖို့လိုပါတယ်။ သင့်ဘဝမှာ ကောင်းမွန်တဲ့အရာတွေကို စဉ်းစားဖို့အတွက် ၂ မိနစ်ခန့် အချိန်ယူပါ။
ထိုကဲ့သို့ လေ့ကျင့်ခြင်းကို တစ်နေ့တွင် သုံးကြိမ်ခန့်လေ့ကျင့်ရမှာဖြစ်ပြီး ၄၅ ရက်တိတိ မပျက်မကွက် ပြုလုပ်သင့်ပါတယ်။ ၄၅ ရက်ကြာတဲ့အခါမှာတော့ သင့်ဦးနှောက်က ကျင့်သားရသွားမှာဖြစ်ပြီး အလိုလိုပြုလုပ်မိလျက်သားဖြစ်သွားပါလိမ့်မယ်။
သေးသေးမွှားမွှား အောင်မြင်မှုများကိုလည်း အောင်ပွဲခံဖို့ မမေ့ပါနဲ့
ဒီနေ့အဖို့ ဘယ်လိုအောင်မြင်မှုများကို ပြုလုပ်ပြီးသွားပါပြီလဲ။ အချိန်မဖြုန်းဘဲ အလုပ်များကို စောလျင်စွာ အပြီးသတ်နိုင်ပါသလား။ မိမိကိုယ်ကို ဂုဏ်ယူလိုက်ပါ။ နှိုးစက်ပေးထားသော နာရီကို နှိုးစက် ပြန်ပိတ်ပြီး ၅ မိနစ်ခန့် ပြန်အိပ်တာမျိုးမလုပ်ဘဲ ချက်ချင်းအိပ်ရာ ထတတ်နေပြီလား။ အောင်ပွဲခံလိုက်ပါ။
ထိုကဲ့သို့သော အသေးအဖွဲအောင်မြင်မှုများကို စုပေါင်းလိုက်တဲ့အခါ သင့်မှာ အောင်မြင်မှုအကြီးစားကို ဆွတ်ခူးနိုင်ပါလိမ့်မယ်။
အလုပ်နဲ့ အားလပ်ချိန်က မျှခြေရှိရဲ့လား
ကျွနု်ပ်တို့ရဲ့နေ့စဉ်ဘဝက အလုပ်လုပ်ခြင်းနဲ့ပဲ တနေကုန်သွားပါတယ်။ ဒါပေမဲ့ ထိုအလုပ်တစ်ခုတည်းကပဲ သင့်ဘဝမှာ နေရာယူထားလို့မရပါဘူး။ သင် ဝါသနာပါတဲ့အရာများကိုလည်း အချိန်ပေးဖို့လိုအပ်ပါသေးတယ်။
သင့်ရဲ့သူငယ်ချင်းများ၊ မိသားစုဝင်များကိုရော အချိန်ပေးဖြစ်ရဲ့လားလို့ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ လေ့ကျင့်ခန်းရော မှန်မှန်လုပ်ဖြစ်ရဲ့လား။ အလုပ်နဲ့ဘဝကို မျှခြေရှိအောင် ပြုလုပ်တဲ့အခါ သင့်ဆီမှာ စိတ်ဖိစီးမှုများ ကြုံတွေ့ရမှာ မဟုတ်တော့ဘဲ ပျော်ရွှင်ရပါလိမ့်မယ်။
ရာနှုန်းပြည့် မပြည့်စုံနိုင်ခြင်းကို လက်ခံပါ
လူသားတိုင်းက အမှားနဲ့ မကင်းကြသလို ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံတဲ့ လူသားဆိုတာလည်း မရှိပါဘူး။ လူတိုင်း လူတိုင်းမှာ အားနည်းချက်ကိုယ်စီရှိတတ်ကြပြီး ပြစ်ချက်မကင်းတဲ့ မိမိဘဝကိုလည်း လက်ခံနိုင်ရပါမယ်။ ဘဝဆိုတာ ဘယ်သောအခါမှာ ပြီးပြည့်စုံတယ်ဆိုတာ မရှိတဲ့အတွက်ကြောင့် စိတ်ဓာတ်မကျဘဲနဲ့ မိမိကြိုးစားနိုင်သလောက် ကြိုးစားပြီး ရလာဒ်ကိုလည်း ကျေနပ်ရပါမယ်။
အသုံးအဖြုန်း မကြီးပါနဲ့
သင့်ဘဝမှာ လိုအပ်တာနဲ့ လိုချင်တာနဲ့ကို ကွဲကွဲပြားပြားသိဖို့ လိုအပ်ပါတယ်။ ဘဝမှာ ပိုက်ဆံရှိရင် ပျော်ရွှင်ရမယ်လို့ ထင်တတ်ကြပေမယ့် တကယ့်ပျော်ရွှင်မှုအစစ်အမှန်က မိမိပိုက်ဆံကို မှန်ကန်စွာအသုံးချနိုင်ခြင်းပဲဖြစ်ပါတယ်။ ရုပ်ဝတ္ထုပစ္စည်းများအပေါ်မှာ မှီတည်နေတဲ့ ပျော်ရွှင်ခြင်းကို ရေရှည်ခံမှာမဟုတ်တာကြောင့် ပိုက်ဆံမက်တဲ့ လောဘစိတ်ကိုလည်း ဖယ်ရှားသင့်ပြီး သုံးသင့်တဲ့နေရာမှာသာ အသုံးချသင့်ပါတယ်။
အတိတ်က ဖြစ်ပျက်ခဲ့တာကိုလည်း နောင်တမရသင့်သလို အနာဂတ်မှာ ဖြစ်လာမယ့်အရာကိုလည် တွေးပူမနေသင့်ပါဘူး။ လက်ရှိပစ္စုပ္ပန်အချိန်ကိုပဲ အာရုံစိုက်ပြီး အကျိုးရှိရှိကုန်ဆုံးမယ်ဆိုရင် ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရပါလိမ့်မယ်။
Source: Entrepreneur.com