လူရဲ့ ပင်ကိုယ်သဘာဝထဲမှာ ကိုယ့်စွမ်းကိုယ်စကို အမြင့်ဆုံးထိ မြင့်မားချင်စိတ်လည်း တစ်ခုအပါအဝင် ပါပဲ။ ယောကျ်ား ဖြစ်ဖြစ် မိန်းမပဲ ဖြစ်ဖြစ်  ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချမှု ရှိဖို့ ဆိုတဲ့ မျှော်မှန်းချက်ဟာ ပိုက်ဆံတွေ အများကြီး ချမ်းသာရမယ်ဆိုတဲ့ ဆန္ဒလိုပဲ ထက်သန်ပြင်းပြတဲ့ အလိုဆန္ဒတစ်ခု ဖြစ်ပါတယ်။ တကယ်တော့ ကိုယ်ကိုယ်ကိုယ် ယုံကြည်ကိုးစားစိတ် Self-Confidence တစ်ခု ပုံဖော် နိုင်ဖို့ဆိုတာ ကွီးတို့ ထင်သလောက် ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။ နေ့စဉ်ဘဝ ကိုယ်လုပ်နေကျ အလုပ်ကိစ္စတွေထဲမှာ ပင်ကိုယ်ယုံကြည်စိတ်အခံ မြင့်မားစေမယ့် အလေ့အထလေးတွေ မွေးယူသွားရင်ကိုပဲ အနှေးနဲ့ အမြန်ဆိုသလို Self-Confidence ကောင်းတဲ့ လူတစ်ယောက်အဖြစ်ကို ရောက်လာနိုင်ပါတယ်။

Confidence Level မြင့်မားခြင်းဟာ ကိုယ့်စွမ်းကိုယ်စကို မြှင့်တင်ခြင်းတစ်မျိုး ဖြစ်သလို ကိုယ့်ရဲ့ စွမ်းဆောင်ရည် ၊ လုပ်ရည်ကိုင်ရည် နဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်လာဖို့ တွန်းအားလည်း ဖြစ်စေပါတယ်။ တစ်နည်းအားဖြင့် Self-Confidence ဆိုတာ စိတ်ကို အဆင့်မြင့်အောင် လေ့ကျင့်ထိန်းကျောင်းနေတာ ဖြစ်လို့ Self-Confidence ကောင်းအောင် ပုံဖော် နိုင်ဖို့ ဘာတွေ လုပ်သင့်သလဲ ဆိုတာနဲ့ ပတ်သက်ပြီး အကြံပြုချက်တချို့ မျှဝေပေးသွားချင်ပါတယ်။

(၁) ပညာရပ်တစ်ခုခုမှာ ထူးချွန်အောင် လုပ်ပါ

Programmer

Photo : Pexels

ကိုယ်စိတ်အားထက်သန်တဲ့ ပရော်ဖက်ရှင်နယ်ဆိုင်ရာ ကျွမ်းကျင်မှုတစ်ခုခု ရှိထားရင် အဲ့ဒီလူဟာ အများတကာအလယ်မှာ ပညာအစွမ်းကြောင့် ပင်ကိုယ် ယုံကြည်မှု မြင့်မားလာနိုင်ပါတယ်။ ကိုယ့်ရဲ့ Talent နဲ့ စိတ်ဝင်စားမှု ထက်သန်တဲ့ဘက်ကို လိုက်စားရင်းနဲ့ ပညာပိုင်းမှာ ဆရာကျလာတဲ့ လူဟာ သူ့ကိုယ်သူ ယုံကြည်မှု ပိုရှိလာပါမယ်။

ပညာရပ်ဆိုင်ရာ အောင်မြင်မှုတွေကလည်း သူ့ရဲ့ Confidence Level ကို ပိုပြီး တိုးတက်လာအောင် အထောက်အပံ့ ပြုနိုင်တာပါပဲ။ အတတ်ပညာတစ်ခုခုမှာ ထူးချွန်ထက်မြက်တဲ့သူဟာ ကိုယ့်အားသာချက်ကို ဖော်ပြရာလည်း ရောက်ပါတယ်။ လူတိုင်းမှာ တစ်ယောက်နဲ့ တစ်ယောက် မတူကွဲပြားတဲ့ ထူးခြားမှုလေးတွေ ၊ အားသာချက်တွေ ဆိုတာ ရှိစမြဲပါ။

ပင်ကိုယ် ယုံကြည်မှုဆိုတာ အဲ့ဒီလို ထူးခြားမှု ၊ အားသာတဲ့ အစွမ်းတွေနဲ့ စိတ်လုံခြုံမှု မြင့်မားတာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကလည်း ဘယ်သူမဆို ကိုယ် ကျင်လည်တတ်ကျွမ်းတဲ့ ကိစ္စတစ်ခုခုကို လုပ်ကိုင်နေရပြီ ဆိုရင် အလိုလို ယုံကြည်မှုရှိနေပြီး လုပ်နေကိုင်နေတာကအစ အများအမြင်မှာ ကြည့်ရတာ အဆင်ပြေနေတော့တာပါပဲ။

(၂) ကိုယ်ပြောင်းလဲနိုင်တဲ့အရာတွေပေါ် အာရုံစိုက်ပါ

Hands

Photo : Pexels

တစ်ခါတလေမှာ ယုံကြည်မှုဆိုတာ ကိုယ့်ရဲ့ စိုးရွံ့တွန့်ဆုတ်နေတဲ့ နောက်ဆွဲစိတ်ကို ချိုးဖျက် တွန်းထုတ်လိုက်တာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကိုယ်ကြောက်နေတဲ့ အရာတစ်ခုကို ရင်ဆိုင်လိုက်ခြင်းမျိုးကလည်း အခက်အခဲတွေကို ကြုံလာတဲ့အခါ လူရဲ့ ပုန်းဝှက်နေတဲ့ ခွန်အားနဲ့ သတ္တိကို မွေးထုတ်နိုင်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် Self-Confidence နည်းနေတယ်လို့ ခံစားရရင် ကိုယ်လုပ်သင့်ပါလျက်နဲ့ စိုးရိမ်တာကြောင့် မလုပ်ဖြစ်တဲ့ အလုပ်တွေကို စိန်ခေါ်ပြီး လုပ်ကြည့်ဖို့ ပြောချင်ပါတယ်။

ဒီလို စိန်ခေါ်တာမျိုးက ကိုယ့်ရဲ့ အကန့်အသတ်တွေကို စွန့်စားလိုက်တာပဲ ဖြစ်ပါတယ်။ ကိုယ်လုံးဝ ပြောင်းလဲလို့ မရတဲ့ အရာမျိုးကို စိန်ခေါ်ပြီး စွန့်စားဖို့ ပြောတာတော့လည်း မဟုတ်ပါဘူး။ ကိုယ်ပြောင်းလဲနိုင်တဲ့ အရာတွေအပေါ် အာရုံစိုက်ပြီး ပြောင်းလဲကြည့်ဖို့ အကြံပေးတာ ဖြစ်ပါတယ်။ အရာအားလုံးက ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာ မဟုတ်ဘူးဆိုတာ သတိရပါ။

ဒါပေမယ့်လည်း ကိုယ်ပြောင်းလဲနိုင်တဲ့ အရာတွေ ရှိတယ် ဆိုတာလည်း မမေ့ပါနဲ့။ ကိုယ့်ကို လောလောဆယ် မပျော်မရွှင်နဲ့ သောကဖြစ်စေတဲ့ အရာတစ်ခုအကြောင်း ချရေးကြည့်ပြီး ဒါကို ပြောင်းလဲနိုင်တဲ့ နည်းလမ်း ၃ ခုလောက် ရှာကြည့်တာမျိုးကနေ စတင်ဖို့ ပြောချင်ပါတယ်။

(၃) တခြားသူတွေ တွေးနေမှာကို စိတ်ပူမနေနဲ့

Conversation

Photo : Pexels

နေ့စဉ် ဘဝမှာ အလွယ်တကူနဲ့ ပြောင်းလဲနိုင်တဲ့ နောက်တစ်ချက်ကတော့ ကိုယ့်လုပ်ရပ်တွေအပေါ် လူတွေ ဘယ်လို မြင်နေမလဲဆိုပြီး တွေးပူတာမျိုးကို ရပ်တန့်ဖို့ပဲ ဖြစ်ပါတယ်။ ကိုယ့်အကြောင်း တခြားလူတွေ ဘယ်လို တွေးနေမလဲလို့ စဉ်းစားနေမိတဲ့အခါ ဘယ်တော့မှ လွတ်လပ်တော့မှာ မဟုတ်တော့ပါဘူး။ မလွတ်လပ်တဲ့စိတ်ဟာ ယုံကြည်မှုရှိနေတဲ့ စိတ်မျိုး မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မြင့်မားချင်တယ်ဆိုရင် တခြားလူတွေ ဘယ်လို ထင်နေကြမလဲဆိုတဲ့ အတွေးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် စိတ်ဒုက္ခရောက်ခံပြီး တွေးပူမနေဖို့ လိုပါတယ်။

(၄) အကောင်းမြင်စိတ် မွေးယူပါ

Smile

Photo : Pexels

အကောင်းမြင်ဖို့အတွက် ကိုယ့်မှာ စိတ်အထားအသိုလေး ပြောင်းတတ်ဖို့ပဲ လိုပါတယ်။ လူဟာ ကိုယ့်ခေါင်းထဲက သတင်းအချက်အလက်တွေ အတိုင်း ကိစ္စတွေကို စဉ်းစား ထင်မြင် မှတ်ချက်ပေးတာ ၊ လူတွေကို ဆက်ဆံ ပြောဆို ပေါင်းသင်း တုံ့ပြန်တာမျိုးတွေ လုပ်တတ်ကြစမြဲပါ။ ကိုယ့်ခေါင်းထဲမှာ အပြုသဘောဆောင်တဲ့ အကောင်းမြင်မှုတွေပဲ ရှိလာရင် ကိုယ်မြင်တဲ့ အမြင်တွေဟာလည်း ကောင်းကွက်ကလေးတွေ မြင်လာတတ်တာပါပဲ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ် Self-Confidence မွေးတယ်ဆိုတာ အရင်ဆုံး ကိုယ့်စိတ်ထဲကို ကောင်းတဲ့ ခံစားချက်အဖြစ် အချက်အလက်တွေ ပုံပြောင်းပြီး ထည့်စဉ်းစားလက်ခံတတ်ဖို့ လိုပါတယ်။ ဘယ်သူမှ အမှားမကင်းတတ်ဘူးလို့ ခံယူဆုပ်ကိုင်ထားရင် ကိုယ့်ကိုယ်ကိုယ်ပဲ ဖြစ်ဖြစ် တခြားသူတွေကိုပဲ ဖြစ်ဖြစ် ခွင့်လွှတ်တတ်လာပါမယ်။

အရာရာကို ထိတွေ့ဆက်ဆံရာမှာ ခံယူချက်က လူရဲ့ဘဝကို ဆုံးဖြတ်သွားတတ်ပါတယ်။ ကိုယ်က ရှက်စရာလို့ ထင်ထားတဲ့ အရာတစ်ခုဟာ ဓမ္မဓိဌာန်ကျကျ ကြည့်တဲ့အခါ ရှက်ဖို့ မသင့်တဲ့ ၊ ရှက်စရာ မလိုတဲ့ကိစ္စလည်း ဖြစ်သွားတတ်တာပါပဲ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူဆိုတာ ကြုံရတဲ့ ကိစ္စတွေကို ငါကျော်ဖြတ်နိုင်မှာပဲ ဆိုတဲ့ ယုံကြည်စိတ်နဲ့ ရင်ဆိုင်သွားတာပါ။ ရှက်စရာမဟုတ်တဲ့ ကိစ္စတွေအတွက် မရှက်ကြောက်တတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြဌာန်းထားတဲ့ လူတွေလည်း ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်တယ်ဆိုတာ စိတ်ရဲ့ အလေ့အကျင့်နဲ့ ပတ်ဝန်းကျင်ရဲ့ လှုံ့ဆော်မှုတို့ အဓိက သက်ဆိုင်ပါတယ်။ အရေးကြီးဆုံးကတော့ ကိုယ့်ရဲ့ ခံယူချက်ကို Self-Confidence ကောင်းအောင် ပုံဖော် နိုင်မယ့် စိတ်နေသဘောထားမျိုး ဖြစ်လာအောင် မွေးမြူပျိုးထောင်ဖို့ ဖြစ်ပါတယ်။

Featured Photo : mind mechanics