မန်ချက်စတာစီးတီးကြယ်ပွင့်တိုက်စစ်မှူး ဆာဂျီယိုအဂူရိုဟာ ၎င်းရဲ့အာဂျင်တီးနားလက်ရွေးစင်အသင်းဖော် လီယွန်နယ်မက်ဆီဟာ အလွန်ကံဆိုးမိုးမှောင်ကျတဲ့တစ်စုံတရာဖြစ်ပျက်မလာခဲ့ဘူးဆိုရင် ဘာစီလိုနာအသင်းမှာပဲ ဆက်နေလိမ့်မယ်လို့ ပြောကြားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။

အာဂျင်တီးနားဝါရင့်တိုက်စစ်မှူး အဂူရိုက ၎င်းရဲ့လက်ရွေးစင်အသင်းဖော်ဟာ နူးကမ့်မှာ ပျော်ရွှင်နေတယ်လို့ ယုံကြည်နေတာဖြစ်ပြီး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပေမယ့်လည်း နူးကမ့်မှာသာ အနားယူဖို့ ထောက်ခံပြောကြားခဲ့တာဖြစ်ပါတယ်။

Photo: barcablaugranes

လီယွန်နယ်မက်ဆီနဲ့ ဘာစီလိုနာအသင်းတို့ လက်ရှိချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းဟာ လာမယ့် ၂၀၂၁ ခုနှစ်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး မက်ဆီဟာ ၎င်းရဲ့အသင်းဖော်ဟောင်းဖြစ်တဲ့ အဲရစ်အဘီဒယ်အပါအဝင် ဘာစီလိုနာအသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ အကြိမ်ပေါင်းများစွာ ကတောက်ကဆ ဖြစ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အဂူရိုက ဘလွန်းဒီအော် ၆ ဆုရှင် လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ အတူတူရှိနေရတာကို ပျော်ရွှင်နေတယ်လို့ ယုံကြည်ချက်ရှိနေတာဖြစ်ပြီး ဘုတ်အဖွဲ့နဲ့ အဆင်မပြေဖြစ်နေပေမယ့်လည်း အသင်းမှာ ဆက်ရှိနေမှာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“လီယိုက ဘာစီလိုနာရဲ့ဂန္တဝင်ရော၊ အမှတ်သင်္ကေတရောဖြစ်နေပြီးသားလူပါ။ ဒါပေမယ့် ဘောလုံးမှာက အချို့အရာတွေက ဖြစ်ပျက်တတ်ပါတယ်”

Photo ; Sport.fr

“ကစားသမားအများစုဟာ လီယိုအတွက် ပြောင်းလဲခဲ့ကြပြီး သူက ဘာစီလိုနာမှာ ဆက်နေခဲ့ပါတယ်။ သူ အသင်းကို ချစ်မြတ်နိုးပါတယ်။ သူ့ကို ဘာစီလိုနာနဲ့အတူ အားလုံးက သတ်မှတ်ထားပြီးသားပါတယ်။ သူ သက်တောင့်သက်သာရှိပြီး ပျော်ရွှင်နေပါတယ်”

“ဘယ်လိုအရာတွေပဲဖြစ်လာဖြစ်လာ အရေးမကြီးပါဘူး။ သူကတော့ ဆက်ပြီး ရှိနေမှာဖြစ်ပါတယ်။ ကြီးမားတဲ့ကံဆိုးမိုးမှောင်ကျမှုမျိုး မရှိခဲ့ရင်ပေါ့”လို့ ပြောကြားခဲ့ပါတယ်။