ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင် ဆာဂျီယို ရာမို့စ်ဟာ အတ္တလန္တာအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယကျော့ပွဲစဉ်မတိုင်မီ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်ကောင်း ကောင်းမွန်လာနိုင်တယ်လို့ သိရပါတယ်။

Photo: Football Addict
ရာမို့စ်ဟာ အက်သလက်တစ် ဘီလ်ဘာအိုကို ရှုံးနိမ့်ပြီး စပိန်စူပါဖလားပြိုင်ပွဲကနေထွက်ခွာခဲ့ရတဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ကတည်းက ဒူးဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ကစားသမားဖြစ်ပါတယ်။ ဆာဂျီယိုရာမို့စ်ဟာ ယင်းပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိနေလျက်နဲ့ ကစားပေးခဲ့တယ်လို့ ယုံကြည်ရပြီး ဖေဖော်ဝါရီလ ပထမအပတ်မှာတော့ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု မဖြစ်မနေ ခံယူခဲ့ရတာဖြစ်ပါတယ်။
ရာမို့စ် အနားမယူရမီမှာ ၎င်းရဲ့ စာချုပ်အခြေအနေနဲ့ပတ်သက်ပြီး သတင်းတွေက ထွက်ပေါ်နေခဲ့တာဖြစ်ပြီး ယခုနွေရာသီမှာ စပိန်ဝါရင့်နောက်ခံကစားသမားဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ကနဦး ကမ်းလှမ်းမှုဟာ ငြင်းပယ်ခြင်း ခံခဲ့ရတယ်လို့ သိရပြီး ပြောဆိုဆွေးနွေးမှုတွေဟာ အသင်းဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်နဲ့ ရာမို့စ်တို့ တွေ့ဆုံခဲ့ပြီးနောက် အနည်းငယ် အရှိန်လျော့ကျသွားခဲ့တာဖြစ်ပါတယ်။

Photo : SportsMax
ဆာဂျီယိုရာမို့စ်ဟာ လက်ရှိရရှိနေတဲ့ လစာထက် ပိုမိုများပြားတဲ့ ပမာဏနဲ့အတူ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ တစ်နှစ်ထက်ပိုတဲ့ စာချုပ်ကို ချုပ်ဆိုဖို့အတွက် ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး ၎င်းရဲ့ ဒဏ်ရာရရှိနေမှုကြောင့် လက်ရှိမှာ ရီးရဲလ်မက်ဒရစ်အသင်းက ဆွေးနွေးမှုမှာ အသာစီးရရှိနေပြီဖြစ်ပါတယ်။
