ပြီးခဲ့တဲ့စနေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ယူရိုခြေစစ်ပွဲမှာ စပိန်လက်ရွေးစင် အသင်းက ဖာရိုးကျွန်းစုအသင်းကို (၁-၄) ဂိုးဖြင့် အနိုင်ရရှိပြီးတဲ့နောက်မှာတော့ စပိန်လက်ရွေးစင်အသင်း နောက်ခံကစားသမား ဆာဂျီယိုရာမို့စ်ဟာ အသင်းနဲ့အတူ နိုင်ငံတကာ နိုင်ပွဲအများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာတော့ စပိန်အသင်းအတွက် ဦးဆောင်ဂိုးကို အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ကပဲ ပွဲချိန် (၅) မိနစ်မှာ ထောင့်ကန်ဘောကနေတစ်ဆင့် လှလှပပခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ပြီး ပွဲချိန် (၁၉) မိနစ်မှာတော့ နာဗက်စ်က ဒုတိယမြောက်သွင်းဂိုးသွင်းခဲ့ပြီး ၊ ပွဲချိန် (၃၃) မိနစ်မှာ ဂတ်ဆင်ရဲ့ (OG) ဂိုးကနေတစ်ဆင့် တတိယဂိုးထပ်မံရရှိခဲ့ပါတယ်။

Source : freesupertips.co.uk

နောက်ဆုံး စတုတ္ထမြောက်အနိုင်ဂိုးကိုတော့ ပွဲချိန် (၇၁) မိနစ်မှာ ဂါယာက သွင်းယူပေးခဲ့ပြီး ဖာရိုးကျွန်းစုအသင်းကတော့ ချေပဂိုးတစ်ဂိုးသာ ပြန်လည်သွင်းယူနိုင်ခဲ့တဲ့ အတွက် (၁-၄) ဂိုးဖြင့် ပွဲကိုအဆုံးသတ်လိုက်တာပဲ ဖြစ်ပါတယ်။ အဆိုပါ နိုင်ပွဲရလဒ်ကြောင့် ယခင်က စပိန်လက်ရွေးစင်အသင်းနဲ့ နိုင်ပွဲအများဆုံးရရှိထားတဲ့ ဂိုးသမားကာဆီးလက်စ်ကိုကျော်ဖြတ်ကာ စံချိန်သစ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရွေးစင်ကစားသမားဟောင်း ကာဆီးလက်စ်ဟာ နောက်ဆုံး တောင်ကိုရီးယားအသင်းနဲ့ ၁၂၁ ပွဲမြောက် အနိုင်ပွဲရလဒ်ကစားခဲ့တဲ့ ခြေစမ်းပွဲပြီးတဲ့နောက်မှာတော့ စပိန်လက်ရွေးစင်အသင်းနဲ့ နိုင်ပွဲအများဆုံးရရှိထားတဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာဖြစ်ပါတယ်။

Source : thesunbest.com

လက်ရှိမှာတော့ အသင်းခေါင်းဆောင် ဆာဂျီယိုရာမို့စ်ဟာ စပိန်လက်ရွေးစင်အသင်းနှင့်အတူ ၁၂၂ ပွဲမြောက် နိုင်ပွဲရရှိသွားခဲ့တာဖြစ်ပြီး အသင်းဖော်ဂိုးသမားဟောင်း ကာဆီးလက်စ်ကို (၁) ပွဲအသာဖြင့်ကျော်ဖြတ်ကာ စံချိန်သစ်ရေးထိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဂိုးသမားကာဆီးလက်စ်ဟာ စပိန်လက်ရွေးစင်အသင်းနဲ့ အတူ ပွဲပေါင်း (၁၆၇) ပွဲကစားထားပြီး စပိန်အသင်းနဲ့ ပွဲအများဆုံးကစားထားတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Source : express.co.uk

ဆာဂျီယိုရာမို့စ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်က စတင်ကစားခဲ့တာဖြစ်ပြီး အသင်းနဲ့ အတူ နိုင်ငံတကာပွဲပေါင်း (၁၆၄) ပွဲအထိ ကစားထားတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး စပိန်အသင်းနဲ့ ပွဲအများဆုံးကစားထားတဲ့ ဂိုးသမားကာဆီးလက်စ်ကို လိုက်မှီဖို့ ပွဲအနည်းငယ်သာ လိုတော့တာပဲဖြစ်ပါတယ်။