ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့မှာ ကစားခဲ့တဲ့ ဆီဗီလာနဲ့ အင်တာမီလန်တို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်မှာ ဆီဗီလာအသင်း (၃-၂) ဂိုးနဲ့ အနိုင်ရပြီး ယူရိုပါလိဂ်ဖလားကို (၆) ကြိမ်မြောက်ဆွတ်ခူး ရရှိသွားခဲ့ပါတယ်။
နှစ်သင်းစလုံးဟာ ပွဲစကတည်းက ဖွင့်ကစားခဲ့ကြပြီး ပထမပိုင်းတွင် ဆီဗီလာအသင်းက ဘောလုံးပိုင်ဆိုင်မှု ပိုသာခဲ့သလို၊ ဂိုးသွင်းခွင့်တွေလည်း အင်တာမီလန်ထက် ပိုရခဲ့ပါတယ်။

Source: DiazHUB1
ဒီပွဲမှာ အဖွင့်ဂိုးရရှိခဲ့တာကတော့ အင်တာမီလန်ဖြစ်ပြီး ပွဲအစ (၅) မိနစ်မှာရရှိခဲ့တဲ့ ပင်နယ်တီကို အင်တာတိုက်စစ်မူး လူကာကူက အမှားအယွင်းမရှိ ကန်သွင်းယူပေးခဲ့ပါတယ်။ ဒီပင်နယ်တီကတော့ ဆီဗီလာနောက်ခံလူ ဒီယေဂိုကားလို့စ် ရဲ့အမှားကနေတဆင့်ရရှိခဲ့တာပါ။

Source: DiazHUB1
ဒီဂိုးဟာ တိုက်စစ်မူး လူကာကူအတွက် ဒီရာသီ ပြိုင်ပွဲစုံ (၃၄) ဂိုးမြောက် သွင်းဂိုးဖြစ်ခဲ့ပြီး အင်တာတိုက်စစ်မူးဟောင်းဖြစ်သူ ရော်နယ်လ်ဒို(ဘရာဇီးလ်)ရဲ့ အင်တာမီလန်အသင်းအတွက် တစ်ရာသီသွင်းဂိုးအများဆုံးစံချိန်ကို လိက်မှီခဲ့ပါတယ်။
အင်တာမီလန်အသင်းရဲ့ ဦးဆောင်ဂိုးဟာ (၇) မိနစ်သာခံခဲ့ပြီး ပွဲကစားချိန် (၁၂) မိနစ်တွင် လုခ်ဒီယွန်းက ဒိုင်ဗင်ထိုးခေါင်းတိုက်ပြီး ဆီဗီလာအသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။

Source: Sky Sports
နောက်ပိုင်းမိနစ်တွေမှာ ဆီဗီလာအသင်းကပဲ ဖိအားပေးကစားခဲ့ပြီး ပွဲချိန် (၃၃) မိနစ်အရောက်မှာ ချေပဂိုးသွင်းယူပေးခဲ့တဲ့ လုခ်ဒီယွန်းကပဲ ခေါင်းတိုက်ပြီး ဆီဗီလာအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။
ဆီဗီလာရဲ့ ဦးဆောင်ဂိုးဟာလည်း (၂) မိနစ်သာခံခဲ့ပြီး ပွဲချိန် (၃၅) မိနစ်အရောက်မှာ အင်တာမီလန်အတွက်ချေပဂိုးကို နောက်ခံလူ ဂိုဒင်းက ခေါင်းတိုက်သွင်းယူပေးခဲ့ပါတယ်။
ဒုတိယပိုင်းပြန်အစမှာတော့ နှစ်သင်းစလုံး သူတစ်ပြန်ကိုယ်တစ်ပြန် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးသွင်းခွင့်လည်း ရရှိခဲ့ကြပါတယ်။ ပွဲကစားချိန် (၇၄) မိနစ်အရောက်မှာ ဆီဗီလာအသင်းက အနိူင်ဂိုးရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ဒီယေဂိုကားလို့စ်ရဲ့ Over Head Kick ကို လူကာကူ တားဆီးဖို့ကြိုးစားရာမှာ လမ်းကြောင်းပြောင်းပြီး ဂိုးဝင်သွားခဲ့တာပါ။

Source: DiazHUB
အနိူင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်း အင်တာနည်းပြကွန်တီဟာ မိုးဆက်၊ ဆန်းချက်ဇ်၊ အဲရစ်ဆင်တို့ကို ထည့်ပြီး တိုက်စစ်မြှင့်ကစားဖို့ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကျန်မိနစ်ပွဲချိန်တွေမှာ ဆီဗီလာကတော့ အနိူင်ကို ထိန်းကစားသွားပြီး ယူရိုပါလိဂ်ဖလားကို (၆) ကြိမ်မြောက် ရယူသွားခဲ့ပါတယ်။
