DC Universe ကနေ ထပ်မံမွေးဖွားလိုက်တဲ့ စူပါဟီးရိုး Shazam ကို ကွီးတို့ အားလုံး ကြည့်ပြီးသွားကြပြီလား။ DC ဖန်တွေအတွက် ဒီတစ်ပတ်မှာ ရုံတင်ထားတဲ့ ဇာတ်ကားကတော့ Shazam ပဲဖြစ်ပါတယ်။ မကြည့်ရသေးရင် ဘာ့ကြောင့် သွားကြည့်သင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

ဒီရုပ်ရှင်ကားက အရင်မြင်နေကျ စူပါဟီးရိုးပုံစံမျိုးမဟုတ်ဘဲ Comedy ဆန်ဆန် ဟာသနှောထားတဲ့ ရုပ်ရှင်ကားဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါးနဲ့ အင်မတန်ကြည့်လို့ကောင်းပါတယ်။ ဟာသနှောထားတယ်ဆိုပြီး မရယ်ရတာကို အတင်းရယ်ရအောင် လုပ်ထားတာမျိုးမဟုတ်ဘဲ ဇာတ်လမ်းဇာတ်ကွက် ခိုင်ခိုင်နဲ့ ယုတ္တိရှိအောင် ဖန်တီးပုံဖော်ထားတာပဲဖြစ်ပါတယ်။

Source: Screen Rant

ကြည့်ရှုနေတဲ့ ပရိသတ်ကို ဇာတ်လမ်းထဲမှာ မျောသွားပြီး ဇာတ်ကောင်ထဲက ခံစားချက်နဲ့ တစ်ထပ်တည်း ခံစားလို့ရလောက်တဲ့အထိ တော်တော်ကောင်းပါတယ်။ ဥပမာပြောရရင် ဆယ်ကျော်သက်ကောင်လေးက စူပါဟီးရိုးတစ်ယောက်ဖြစ်သွားတဲ့အခါ သူခံစားနေရတဲ့ စိတ်လှုပ်ရှားမှုကို ကွက်ကွက်ကွင်းကွင်းမြင်တွေ့ရတာကတော့ သရုပ်ဆောင်တဲ့သူရဲ့ အရည်အချင်းရော၊ ရိုက်ကူးပုံဖော်တဲ့ ဒါရိုက်တာရော အင်မတန်တော်တယ်လို့ ပြောရပါမယ်။ အခြားဇာတ်လမ်းဇာတ်ကွက်တွေကိုတော့ မကြည့်ရသေးတဲ့သူတွေ Spoiler မိသွားမှာစိုးလို့ ဆက်မပြောပြတော့ဘူးနော်။

ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီလိုပါ။

Source: Forbes

အသက် ၁၄ နှစ်အရွယ် Billy Batson ဆိုတဲ့ ကောင်လေးက သာမန်ကျောင်းသားအရွယ်ကောင်လေးပါပဲ။ ဒါပေမဲ့ တစ်နေ့မှာတော့ စူပါပါဝါတွေ လက်လွှဲရယူဖို့ အကြောင်းဖန်လာပါတယ်။ စူပါပါဝါတွေ လွှဲပေးမယ့်သူက Billy ကို Shazam ဆိုတဲ့ နာမည်အော်ခေါ်ခိုင်းပါတယ်။ Shazam ဆိုတာကို အော်ခေါ်လိုက်တဲ့နောက်မှာတော့ Billy တစ်ယောက် စူပါပါဝါတွေရလာပြီး ၁၄ နှစ်ကောင်လေး အသွင်ကနေ အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်အသွင်ပြောင်းသွားပါတယ်။

သို့ပေမယ့် စိတ်ကတော့ ကလေးစိတ်ဖြစ်နေတုန်းပေါ့။ ဆယ်ကျော်သက်လူငယ်တွေရဲ့ သဘာဝအတိုင်း လက်တည့်စမ်းချင်တဲ့ဥာဉ်လေးကတော့ ခန္ဓာကိုယ်ထဲမှာကိန်းအောင်နေဆဲပါပဲ။ သူ့သူငယ်ချင်းကို သူဘယ်လိုစူပါဟီးရိုးဖြစ်သွားကြောင်း ပြန်ပြောင်းပြောပြရင်း သူ့ရဲ့စွမ်းအင်တွေကို ထုတ်ကြွားလိုက်ပါတော့တယ်။ ဒါပေမဲ့ သူ့ရဲ့အပြုအမူတွေက အကုန်တလွဲတချော်တွေဖြစ်ကုန်ပြီး လူသားတွေအတွက် ဆိုးကျိုးတွေပဲဖြစ်စေပါတယ်။

Source: dcworld.org.uk

သူ့ရဲ့စွမ်းအင်တွေကို လူသားတွေကောင်းကျိုးအတွက် အသုံးမချနိုင်ဘဲ တလွဲနေရာတွေမှာ အသုံးချနေမိတဲ့ Shazam တစ်ယောက် လူဆိုးကြီး Dr.Thaddeus Sivana က ကမ္ဘာမြေပေါ်ရောက်ရှိလာတဲ့နောက်မှာရော ထိုလူဆိုးလက်ထဲကနေ လူသားတွေကို ကယ်တင်နိုင်ပါ့မလား၊ Billy ဆိုတဲ့ကောင်လေး တကယ့်စူပါဟီးရိုးအစစ်ဖြစ်သွားပါ့မလား ဆိုတာကို သိချင်ရင်တော့ ဒီတစ်ပတ်မှာရုံတင်နေတဲ့ Shazam ရုပ်ရှင်ဇာတ်ကားကို အပြေးအလွှားသွားကြည့်လိုက်ကြတော့နော်။

Source: Warner Bros. Pictures

ပြသပေးသွားမည့်ရုံများ

Junction City, Junction Square, City Mall (St.John), Nay Pyi Taw Cinema, Mingalar Dagon Centre (II), Mingalar Gamone Pwint (Hledan-San Yeik Nyein), Mingalar Tamwe (Bayint Naung)

Feature Image Source: Shazammovie.com