ကျွန်တော်တို့အသက်ငယ်ရွယ်စဉ်တုန်းက လုပ်ချင်တာတွေလုပ်နိုင်ဖို့အတွက် အရွယ်မြန်မြန်ရောက်လာဖို့စောင့်မျှော်ခဲ့ကြရပါတယ်။ အသက်အရွယ်ရလာပြန်တော့လည်း တစ်ဖန်ပြန်ပြီးတော့ ငယ်ရွယ်မှုကို တောင်းတကြပြန်ပါတယ်။ အရွယ်ရောက်လာပြီဆိုရင် ရုပ်ပိုင်းဆိုင်ရာပဲ ပြောင်းလဲသွားတာမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာတွေပါ ပြောင်းလဲသွားကြတယ်။ ဒီနေ့ kwee page က အသက်အရွယ်ရလာတဲ့အချိန်မှာ ပြောင်းလဲသွားတတ်တဲ့အရာတွေကို ဖော်ပြပေးသွားမှာပါ။

တခြားလူတွေနဲ့အရေးမပါတာတွေမပြော/မလုပ်ချင်တော့ဘူး

Source: The Atlantic

အသက်အရွယ်ရလာတဲ့အချိန်မှာ တာဝန်ယူမှုတွေပိုများလာတာကြောင့် ကိုယ့်မှာအားလပ်ချိန်တွေများများစားစား မရှိတော့ဘူး။ ငယ်ရွယ်စဉ်အခါတုံးကကြတော့ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကို မက်မောကြတယ်။ ဒါပေမယ့် အသက်ကြီးလာတဲ့အခါမှာ အချိန်မဖြုန်းချင်တော့တာကြောင့် သူငယ်ချင်းတွေတော်တော်များများနဲ့ အဆက်အသွယ်ဖြတ်လာကြတယ်။ တခြားလူတွေနဲ့လည်း အရောတဝင်မနေချင်တော့သလို အရေးမပါတာတွေအတွက်လည်း အချိန်မပေးချင်တော့တာမျိုး ဖြစ်လာတတ်ပါတယ်။

တခြားလူတွေ ဘာတွေးနေလဲဆိုတာကို ဂရုစိုက်မှုနည်းလာမယ်

Source: Best Life

အသက်ကြီးလာတဲ့အခါမှာ အပေါင်းအသင်းမိတ်ဆွေတွေနည်းလာမယ်။ ကိုယ့်အတွက် အရေးပါတဲ့လူတွေလောက်ပဲ ကိုယ့်အနားမှာ ထားဖြစ်လာပါတယ်။ ပြီးတော့ သူတို့ရဲ့ အတွေးအမြင်နဲ့ ထင်မြင်ယူဆချက်တွေကိုပဲ အရေးတယူလုပ်လာမယ်။ တခြားလူတွေ ကိုယ့်အပေါ်ဘယ်လိုသဘောထားလဲ (သို့) ကိုယ့်အကြောင်း ဘာတွေတွေးနေကြလဲဆိုတာကို ဂရုစိုက်မှုနည်းလာမယ်။

ဆံပင်တွေဆုံးရှုံးလာမယ်

Source: ALT TAG

အမျိုးသားတွေအကြောက်ဆုံး အရာတွေထဲမှာ ဆံပင်တွေ ခေါင်းပေါ်ကနေ ကျွက်ကျလာခြင်းပါပဲ။ ဒါကအမျိုးသားတွေအတွက် အိပ်မက်ဆိုးတခုလည်းဖြစ်ပါတယ်။ American Hair Loss Association ရဲ့ဖော်ပြချက်အရ အသက် (၃၅) နှစ်အရွယ်ဝန်းကျင်ရှိတဲ့ အမျိုးသား (၃) ယောက်မှာ (၂) ယောက်ဟာ ထိပ်ပြောင်ခြင်းကို ခံစားနေရတယ်လို့ သိရပါတယ်။ ဒါဟာ မျိုးရိုးဗီဇ (သို့) ဓာတုပစ္စည်းတွေ (သို့) စိတ်ဖိစီးမူတွေ (သို့) စားသောက်နေထိုင်မှုပုံစံတွေကြောင့် လည်းဖြစ်တတ်ပါတယ်။

ကိုယ်ချင်းစာတတ်လာမယ်

Source: GoAbroad

လူမှန်ရင် အမှားနဲ့မကင်းကြဘူး။ ငယ်စဉ်တုန်းက မိဘတွေ မကြိုက်တာလုပ်မိရင် အဆူအငေါက်ခံရတတ်တယ်။ ညဘက်အပြင်မှာ အကြာကြီးနေပြီး မိဘတွေကို စိတ်ပူခိုင်းခဲ့ကြဘူးတယ်။ ငယ်စဉ်အချိန်မှာတော့ မိဘတွေရဲ့ ခံစားချက်ကို ကိုယ်ချင်စားတတ်အုံးမှာမဟုတ်ပါဘူး။ ဒါပေမယ့် အသက်အရွယ်ရလာကြတဲ့အခါမှာတော့ မိဘတွေရဲ့ ခံစားချက်ကို ကိုယ်ချင်းစာတတ်လာတယ်။

ပြီးတော့ လူငယ်လူရွယ်တွေ အမှားတွေလုပ်မိနေကြတာကိုလည်း အမှားလိုမမြင်တော့ပဲ “ငါလည်းငယ်ငယ်တုန်းက ဒီလိုပါပဲလား” ဆိုပြီး ကိုယ်ချင်းစာစိတ်နဲ့ ကြည့်တတ်လာကြတယ်။

အချိန်ကုန်မြန်လာမယ်

Source: Erik-Malpica-Flores

ငယ်စဉ်ကျောင်းသားအရွယ်တုန်းကတော့ အချိန်ကုန်တာနှေးတယ်လို့ထင်ခဲ့ဖူးကြမယ်ထင်တယ်။ ငယ်စဉ်တုန်းကတော့ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဖို့ပဲ စိတ်ထဲရှိနေတတ်ကြတယ်။ ဒါပေမယ့် အသက်အရွယ်ရလာတဲ့ အချိန်မှာ အချိန်ဟာ မိမိအတွက် တန်ဖိုးရှိကြောင်းသိလာကြတယ်။ အလုပ်ကတစ်ဖက်၊ လူမှုအသိုင်းအဝိုင်းက တစ်ဖက်နဲ့ အချိန်တွေ မလောက်တော့ဘူး။ တစ်နေ့ထက်တစ်နေ့ အချိန်ကုန်တာ မြန်လာတယ်လို့ ခံစားလာကြရတယ်။