တက်တူးထိုးထားတဲ့သူတစ်ယောက်က အလုပ်အကိုင်ရရှိဖို့ ခက်ခဲခြင်း၊ ရရှိပါကလည်း အခြားသူများကဲ့သို့ တန်းတူအခွင့်အရေး မရဘူးလို့ ထင်ပါသလား။ ရှေးယခင်တုန်းကတော့ ဒီလိုအယူအဆတွေ ရှိခဲ့ဖူးပါတယ်။ တက်တူးတွေ ထိုးထားလို့ အလုပ်အကိုင် ကောင်းကောင်းမရခဲ့သူတွေလည်း ဒုနဲ့ဒေးပါပဲ။

ဒါပေမဲ့ ခေတ်စနစ်တွေ ပြောင်းလဲလာတာနဲ့အမျှ ပွင့်လင်းမြင်သာမှုရှိလာကြပြီး တက်တူးထိုးခြင်းက လူတစ်ယောက်ရဲ့ အရည်အသွေးကို မဆုံးဖြတ်နိုင်ဘူးဆိုတာ တဖြည်းဖြည်းလက်ခံလာကြပါတယ်။

ယနေ့ခေတ်မှာ လုပ်ငန်းခွင်ဝင်ရောက်နေသူများ တက်တူးထိုးလာကြ

ရှေးယခင်တုန်းကတော့ တက်တူးထိုးတဲ့သူတွေဆိုတာ ထောာင်ထွက်တွေ၊ လူဆိုးဂိုဏ်းဝင်တွေပဲ ထိုးကြတယ်လို့ တရားသေသတ်မှတ်ပြီး ခွဲခြားဆက်ဆံလိုက်ကြတော့တာပါပဲ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ လူတန်းစားမရွေး အသက်ကြီး ငယ်မရွေး တက်တူးထိုးလာကြပါတယ်။ လုပ်ငန်းခွင် ဝင်နေတဲ့ အမျိုးသားတွေရော၊ အဆိုတော်၊ မင်းသားတွေပါမကျန် တက်တူးထိုးကြပါတယ်။

အလုပ်ရှင်ရဲ့ ထင်မြင်ချက်

လွန်ခဲ့တဲ့နှစ်က ဗြိတိန်လှုမှုအဖွဲ့အစည်းတစ်ခုရဲ့ တက်တူးနဲ့အလုပ်အကိုင်ဆိုတဲ့ခေါင်းစဉ်ကို လေ့လာကြည့်တဲ့အခါ အချို့အလုပ်ရှင်များက သူတို့ကိုယ်တိုင် တက်တူးထိုးထားသော်လည်း အခြားတက်တူးထိုးသော လက်အောက်ဝန်ထမ်းများကိုမူ အကောင်းမြင်စိတ်မရှိကြဘူးလို့ လေ့လာတွေ့ရှိခဲ့ကြပါတယ်။ သူတို့ရဲ့ ဖြေရှင်းချက်ကတော့ သိသာထင်ရှားတဲ့တက်တူးအကြီးကြီးတွေကကုမ္ပဏီရဲ့ပုံရိပ်ကို ထိခိုက်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

ဒီထင်မြင်ချက်က မျှတမှုရှိရဲ့လား။

Source: Fadetoblank.com.au

ဝန်ထမ်းတစ်ယောက်အနေနဲ့ သင်က သင့်ကုမ္ပဏီရဲ့ ပုံရိပ်ပဲဖြစ်ပါတယ်။ သင်က Customers တွေနဲ့ ထိတွေ့မှု ပိုများတာကြောင့် အလုပ်ရှင်တွေက အလုပ်ခန့်တဲ့အခါ ဒီအချက်ကိုထည့်သွင်းစဉ်းစားကြပါတယ်။ ဒါပေမဲ့ သင်က Customers တွေနဲ့ ထိတွေ့ဆက်ဆံစရာမလိုတဲ့သူ၊ ဥပမာ စားဖိုမှူး၊ ဒါမှမဟုတ် အိုးခွက် ပန်းကန် ဆေးကြောသန့်စင်သူဆိုရင်တော့ အလုပ်ရှင်တွေက သင့်တက်တူးကို ထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်ရာထူးက စားပွဲထိုးဆိုရင်တော့ အခြေအနေက တစ်မျိုး ပြောင်းလဲသွားပြန်ပါတယ်။

လည်ပင်းနဲ့ မျက်နှာပေါ်က တက်တူးအကြီးကြီး

ဗြိတိန် လူမှုအဖွဲ့အစည်းရဲ့ နောက်ထပ်လေ့လာချက်အရ လည်ပင်းနဲ့မျက်နှာမှာ မကောင်းမြင် အဓိပ္ပာယ်​ဖော်ဆောင်ထားတဲ့ တက်တူးအကြီးစားတွေ ထိုးထားမယ်ဆိုရင်လည်း အလုပ်ရဖို့က တစ်သက်လုံးခဲယဉ်းသွားတယ်လို့ဆိုထားပါတယ်။ အချို့တက်တူးပညာရှင်တွေကတော့ သူတို့ဆိုင်မှာ တက်တူးလာထိုးတဲ့ တက်တိုးချစ်သူတွေရဲ့ လုပ်ငန်းခွင်ဘဝထိခိုက်မှာစိုးတာကြောင့် မျက်နှာပေါ်မှာ တက်တူးအကြီးကြီးထိုးပေးဖို့ကို ငြင်းဆန်လေ့ရှိကြပါတယ်။

စာဖတ်သူတို့ရော တက်တူးချစ်သူတစ်ယောက်လား။ တက်တူးထိုးခြင်းက လုပ်ငန်းခွင်ဘဝကို ထိခိုက်နိုင်တယ်ဆိုတဲ့ အယူအဆကိုရော လက်သင့်ခံနိုင်ရဲ့လား။ တရားမျှတမှုရှိတယ်လို့ ထင်ပါသလား။ စာဖတ်သူတို့ရဲ့ ထင်မြင်ယူဆချက်ကိုလည်း ပြောပြပေးခဲ့ကြပါဦး။

Source: Nextluxury.com