ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုဖြစ်လာပြီးနောက် လူတွေရဲ့ နေမှုပုံစံတစ်ချို့ ပြောင်းလာတာ အားလုံးပဲ အသိဖြစ်မှာပါ။ အခုဆို အပြင်ထွက်တိုင်း Mask တပ်ရမယ်ဆိုတဲ့ အသိ ၊ လူအချင်းချင်း ခပ်လှမ်းလှမ်းကနေပဲ စကားပြောဆိုကြမယ်ဆိုတဲ့ အလေ့အထနဲ့ နှာချေ/ချောင်းဆိုးချိန်မှာ အဝတ်တစ်ခုခုနဲ့ ကာထားဖို့ ဆိုတဲ့ ယဦ်ကျေးမှုတွေ ပျံ့လာပြီ ဖြစ်ပါတယ်။

ဒါတွေအားလုံးက ကောင်းတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒါဆိုရင် စူပါမားကတ်မှာ ၊ ဈေးထဲမှာ ၊ ရှောပင်းစင်တာတွေမှာ ဈေးဝယ်ထွက်တဲ့အခါ လက်အိတ်စွပ်ပြီး ဝယ်တာကရော မှန်ကန်တဲ့ အလေ့အကျင့်လား? လက်အိတ်စွပ်ပြီး ဈေးဝယ်ထွက်တာ ပိုပြီး ဘေးကင်းသွားသလား ? တကယ်ရော အဲသလို လုပ်ဖို့ လိုအပ်လို့လား?

Photo: MSN

ပထမဆုံးအနေနဲ့ ဈေးဝယ်ထွက်ခြင်းဟာ အင်တာနက်ပေါ်က သတိပေးချက်တစ်ချို့လောက်တော့ အန္တရာယ်မများလှဘူးဆိုတာပါပဲ။ နောက်တစ်ချက်က ပိုအရေးကြီးပါတယ်။ ဒီလို လုပ်တာဟာ ကောင်းဖို့ထက် ပိုပြီး စိုးရိမ်စရာတွေပဲ ဖြစ်စေနိုင်တယ်လို့ အရီဇိုးနားတက္ကသိုလ် အနုဇီဝပညာရှင် ကယ်လီရေးနိုးစ်က ဆိုပါတယ်။ လက်အိတ်တွေဟာ လူရဲ့ လက်တွေလိုပါပဲ။

လက်အိတ်ဝတ်ထားရင် ပိုးမကူးနိုင်ဘူးလို့ ယုံကြည်စိတ်ချပြီး နေရင် ပိုပြီး ဆိုးဝါးနိုင်ပါတယ် ။ လက်အိတ်ပါတာပဲ ဆိုပြီး နေရာစုံ လျှောက်ကိုင်ပြီး လက်အိတ်ချွတ်ပြီးချိန် လက်ကို ရေသေသေချာချာ မဆေးရင် အန္တရာယ်များပါတယ်။ တစ်နည်းအားဖြင့် လက်အိတ်ဝတ်ထားသူမှာ မှားယွင်းတဲ့ လုံခြုံရေးအသိစိတ် ဖြစ်နိုင်ပြီး သတိလက်လွတ် နေဖို့ ပိုဖြစ်နိုင်ခြေ များပါတယ်။

Photo: globus

နောက်တစ်ချက်က လူအနည်းစုကပဲ လက်အိတ်ကို မှန်မှန်ကန်ကန် ချွတ်နိုင်တာပါ။ လက်အိတ်ချွတ်ဖို့အတွက် လက်ကောက်ဝတ်မှာ ရှိတဲ့ လက်အိတ်အနားတစ်ဖက်ကိုခေါက်လိပ်ပြီး အသားအရေကို ဆွဲချွတ်နေတဲ့ လက်အိတ်နဲ့ မထိစေဘဲ ချွတ်ပါ။ ချွတ်ထားတဲ့ လက်အိတ်ကို မချွတ်ရသေးတဲ့ လက်အိတ်စွပ် လက်ဖဝါးထဲလုံးထွေးပြီး ဆုပ်ကိုင်ထားပါ။ ပြီးရင်တော့ ချွတ်ထားတဲ့ လက်ရဲ့ လက်ချောင်းတွေ သုံးပြီး လက်အိတ်စွတ်ထားတဲ့ လက်အိတ်လက်ကောက်ဝတ်ထဲ ထိုးချွတ်ရမှာပါ။

ဒါဆိုရင် လက်အိတ်တစ်ခုကို တစ်ခြားလက်အိတ်ထဲ ဘေးကင်းကင်းနဲ့ ထည့်ပြီး ဖြစ်သလို လက်အိတ်ကို စိတ်ချလက်ချ စွန့်ပစ်လို့ ရပြီ ဖြစ်ပါတယ်။ ပြီးရင်တော့ လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပေးရမှာပါ။ ဒီအချက်တွေကို ကြည့်မယ်ဆိုရင် လက်အိတ်စွပ်ပြီး ဈေးဝယ်ချိန်မှာလည်း အသေအချာ ဂရုစိုက်ဖို့ လိုအပ်တယ်ဆိုတာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။