ကိုယ်အရမ်းလိုချင်တဲ့အလုပ်တစ်ခု Dream Job ကနေ လူတွေ့အင်တာဗျူးတစ်ခု ခေါ်ပြီလို့ ဆိုပါစို့။ အင်တာဗျူးမသွားခင် ဘာတွေ ပြင်ဆင်သွားမလဲ။ အလုပ်အင်တာဗျူးမှာ ကိုယ့်ကို မေးမြန်းလာနိုင်ခြေ ရှိတဲ့ မေးခွန်းတွေကို ကိုယ့်ဘာသာ အစမ်းပြန်ဖြေကြည့်တာ ရှိမယ်။ ကိုယ်အလုပ်လျှောက်ထားတဲ့ ကုမ္ပဏီအကြောင်း အသေးစိတ်ရနိုင်သမျှ အချက်အလက်တွေ ရှာကြည့်မယ်။ ဒါ့အပြင် ဘာတွေ ဝတ်စားဆင်ယင်သွားရမယ်ဆိုတာလည်း ပါလာပါလိမ့်မယ်။

အဝတ်အစားအနေနဲ့ သပ်သပ်ရပ်ရပ် ဖြစ်နိုင်သမျှ ဖြစ်ဖို့ ဝတ်ရမယ်ဆိုတာ အားလုံးပဲ အသိဖြစ်ပါတယ်။ ဒါပေမယ့် သင်က မုတ်ဆိတ်ထားတဲ့သူ ဆိုရင် မုတ်ဆိတ်ရိတ်သွားရမလား။ ဒီအတိုင်း ကိုယ့်ပင်ကိုယ်စတိုင်နဲ့ကိုယ် အင်တာဗျူးသွားဖြေရမလားဆိုတာကလည်း မေးစရာအကြောင်းတစ်ခု ဖြစ်ပါတယ်။

Photo: thebalancecareers

မုတ်ဆိတ်ထားတယ်ဆိုတာည မိန်းကလေးတွေအနေနဲ့ ကြိုက်ကောင်း ကြိုက်ပါလိမ့်မယ်။ ဒါပေမယ့် သင့်ကို အင်တာဗျူးမယ့် အလုပ်ရှင်တော်တော်များများကတော့ သဘောမတွေ့ကြဘူးလို့ လေ့လာမှုတွေက ဆိုပါတယ်။ ဖလော်ရီဒါမှာ ရှိတဲ့ Rollin College က စိတ်ပညာရှင်တွေ လေ့လာပြီး လူမှုစိတ်ပညာဂျာနယ်မှာ ရေးသားခဲ့တဲ့ လေ့လာမှုတစ်ခုအရ မျက်နှာပေါ်က အမွေးအမှင်တွေ ပြောင်စင်အောင် ရိတ်ထားတဲ့သူတွေက အလုပ်ပိုရဖို့ အလားအလာများတယ်လို့ ဖော်ပြထားပါတယ်။

လူပေါင်း ၁၀၀၀ ကို လေ့လာခဲ့တဲ့ ဒီလေ့လာမှုမှာ မုတ်ဆိတ်ထားတာဟာ နွေးထွေးမှု မရှိတယ်လို့ ထင်စရာ ဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကြောတည့်မယ် မထင်ဘူးလို့ ယူဆကြတယ်လို့ ဖော်ပြထားပါတယ်။

Photo: Shutterstock

“ကျွန်တော်တို့ လေ့လာမှုအရတော့ ဖော်ရွေမှုမရှိဘူးလို့ ထင်ရတဲ့ အလုပ်သွားလျှောက်တဲ့သူတွေက ဆွဲဆောင်မှုကျဆင်းနိုင်ပါတယ်။”လို့ သုတေသနခေါင်းဆောင် မာ့စ်ဖီချာရီက ဆိုပါတယ်။ ဒီလေ့လာမှုမှာပဲ မျက်မှန်တပ်တဲ့သူတွေနဲ့ နက်ခ်တိုင်တပ်ပြီး အလုပ်သွားလျှောက်သူတွေက အလုပ်ရဖို့ အခွင့်အလမ်းပိုများတယ်လို့ အကြံပြုထားပါတယ်။