လူအများစုဟာ စိတ်ခံစားချက်နဲ့ အာရုံစူးစိုက်မှုကို မြှင့်တင်နိုင်ဖို့ သီချင်းနားထောင်လေ့ရှိကြပါတယ်။ ဂီတဟာ လူတွေကို productive ပိုဖြစ်စေတယ် ၊ စိတ်အားထက်သန်မှုနဲ့ ပျော်ရွှင်ခြင်းတွေကို ခံစားရစေနိုင်တယ်လို့လည်း သုတေသီတွေက ဆိုထားပါတယ်။ ဒီတစ်ခေါက်မှာတော့ လုပ်ငန်းခွင်ဝင်တဲ့ ဝန်ထမ်းတွေအနေနဲ့ အလုပ်ခွင်မှာ သီချင်းနားထောင်တာက ဘယ်လိုမျိုးကောင်းကျိုးတွေ ခံစားရစေနိုင်လဲဆိုတာ မျှဝေပေးချင်ပါတယ်။

(၁) ပျော်ရွှင်မှုကို တိုးစေတယ်

man Listening Music at work
Photo : The Mirror

ဂီတဟာ စိတ်ခံစားချက်ကို ကောင်းမွန်စေတယ်ဆိုတာ သံသရဖြစ်စရာမရှိပါဘူး။ အလုပ်လုပ်နေရင်း သီချင်းနားထောင်တဲ့အခါ အလုပ်မှာပိုမို ပျော်ရွှင်မှုကို ပိုခံစားရစေပြီး စိတ်ကျေနပ်မှု ရစေမှာပဲ ဖြစ်ပါတယ်။ ပင်ပန်းနွမ်းနယ်နေချိန်မှာ သင့်အကြိုက်ဆုံးသီချင်းတစ်ပုဒ်နားထောင်ကြည့်ပါ။ စိတ်ရွှင်လန်းတက်ကြွပြီး ပင်ပန်းမှုတွေ သက်သာစေမှာဖြစ်ပါတယ်။ ဒါကြောင့်အလုပ်လုပ်နေရင်းသီချင်းနားထောင်ခြင်းဟာ သင့်စိတ်ခံစားမှုကိုတိုးတက်ကောင်းမွန်စေပြီး ပျော်ရွှင်မှုအပြည့်နဲ့ အလုပ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။

(၂) စိတ်ဖိစီးမှုလျော့စေတယ်

man Listening Music at work

Photo : Tribune India

ဂီတဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုတွေအပေါ် များစွာလွှမ်းမိုးမှုရှိပြီး စိတ်ဖိစီးမှုတွေကို စီမံခန့်ခွဲနိုင်တဲ့ အကောင်းဆုံး ကိရိယာတစ်ခုဖြစ်ပါတယ်။ သာယာငြိမ့်ငြောင်းတဲ့ တေးသီချင်းတွေ ကို နားထောင်ပေးတာဟာ နှလုံးခုန်နှုန်းနဲ့ သွေးပေါင်ချိန်ကိုလျော့ကျစေပြီး ခန္ဓာကိုယ်ကနေ ထုတ်လွှတ်တဲ့ စိတ်ဖိစီးမှုဟော်မုန်း level ကိုလျော့ကျစေနိုင်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ရင်း သာယာငြိမ့်ငြောင်းတဲ့ တေးသီချင်းတွေကို နားထောင်ပေးတာဟာ စိတ်ဖိစီးမှုကိုလျော့ကျစေပြီး အလုပ်ပြီးမြောက်ဖို့ ကူညီပေးနိုင်ပါတယ်။

(၃) စိတ်ဓာတ်တက်ကြွစေတယ်

Handsome bearded man, freelancer working remote from outdoor cafe, programmer with laptop listening music to focus on work
Photo : Freepik

မြူးကြွတဲ့ ဂီတသံစဉ်တွေဟာ စိတ်ဓာတ်တက်ကြွမှုကို လှုံဆော်ပေးနိုင်ပြီး စိတ်ခွန်အားပိုရစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။ လူတွေရဲ့ အကြားအာရုံနဲ့ ဦးနှောက်အာရုံကြောတွေဟာ ဆက်စပ်မှုရှိတာကြောင့် သီချင်းနားထောင်တဲ့အခါ စိတ်ဓာတ်ပိုမိုတက်ကြွစေနိုင်သလို ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကိုလည်း တိုးစေနိုင်မှာပဲ ဖြစ်ပါတယ်။ အထူးသဖြင့် စိတ်ခွန်အားဖြည့် ပေးနိုင်မယ့် စာသားတွေပါတဲ့ သီချင်းတွေကို အလုပ်လုပ်နေစဉ်မှာ ပိုပြီး နားထောင်သင့်ပါတယ်။

(၄) မှတ်ဉာဏ်စွမ်းရည်တိုးစေတယ်

Young man listening to music on headphones while working
Photo : Freepik

ဂီတဟာ ဦးနှောက်စွမ်းရည်ကို တိုးတက်စေနိုင်ပြီး မှတ်ဉာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ မြှင့်တင်ပေးနိုင်ပါတယ်။ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကို တိုးစေတာကြောင့် အသစ်သစ်သော အချက်အလက်တွေကို လေ့လာသင်ယူတဲ့အခါ ပိုမိုလွယ်ကူမှုရှိစေမှာပါ။ အလုပ်ခွင်မှာ စွမ်းဆောင်ရည်မြင့်မားပြီး အကြံဉာဏ်ကောင်းတွေထွက်ချင်တယ်ဆိုရင်တော့ သီချင်းနားထောင်ခြင်းက အထိရောက်ဆုံးအသုံးဝင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်စေမှာပဲ ဖြစ်ပါတယ်။

အလုပ်ခွင်မှာ သီချင်းနားထောင်တဲ့အခါ သတိထားရှောင်ကြဉ်ရမယ့်အချက်လေးတွေကိုလည်း တစ်ခါတည်းပြောပြပေးချင်ပါတယ်။ သီချင်းနားထောင်တဲ့အခါ အသံအကျယ်ကြီးဖွင့်ပြီး ဘေးလူတွေကိုပါ အနှောင့်အယှက်ဖြစ်စေတဲ့ပုံစံမျိုး အထူးရှောင်ကြဉ်သင့်ပါတယ်။ တစ်ချိန်လုံးနီးပါး သီချင်းနားထောင်နေမယ်ဆိုရင်လည်း အလုပ်ပေါ်အာရုံကောင်းကောင်းစိုက်နိုင်ဖို့ ခက်ခဲစေမှာဖြစ်လို့ ပင်ပန်းနွမ်းနယ်နေတဲ့အချိန် ၊ အနားယူတဲ့အချိန်တွေမှာ သီချင်းနားထောင်တာ ပိုကောင်းပါတယ်။

နားကြပ်အသုံးပြုပြီး သီချင်းနားထောင်မယ်ဆိုပါက volume ကိုအနေတော် ချိန်ထားပါ။ Volume တစ်ဆုံးတင်ထားမယ်ဆိုရင် သင့်နားစည်ကို ထိခိုက်စေနိုင်သလို ပတ်ဝန်းကျင်နဲ့ အဆက်သွယ်ပြတ်ပြီး အရေးကြီးတဲ့ ဖုန်း call တွေ ၊ မီးဘေးနဲ့ သဘာဝဘေးအန္တရာယ် အချက်ပေးသံတွေကို မကြားနိုင်ဖြစ်တက်တဲ့အတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့်အလုပ်ခွင်မှာ သီချင်းနားထောင်မယ်ဆိုရင် ဒီအချက်လေးတွေ အထူး ရှောင်ကြဉ်ဖို့လည်း သတိပေးချင်ပါတယ်။

Featured Photo : GQ Italia