ဝိတ်လျော့ဖို့အတွက် အစားလျော့တဲ့အခါ အရင်ဦးဆုံး အဆီဓာတ်ကို လုံးဝရှောင်ကြဉ်ရမယ်လို့ မြင်ယောင်တတ်ကြပါတယ်။ မကောင်းတဲ့အဆီဓာတ်က ဝိတ်တက်စေတယ်ဆိုတာ မှန်ပေမယ့် သင့်ခန္ဓာကိုယ်အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီဓာတ်ကလည်း မရှိမဖြစ်လိုအပ်ပါတယ်။
အဆီဓာတ်ကို လုံးဝဖြတ်တောက်ပစ်လိုက်တာက သင့် ခန္ဓာကိုယ်အတွက်ရော စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေပြီး သင့်ရဲ့ဝိတ်လျော့မယ့်အစီအစဉ်ကိုလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။
ဒီဆောင်းပါးလေးထဲမှာတော့ အဆီစားသုံးမှုကို ဘာ့ကြောင့် မရပ်တန့်သင့်သလဲဆိုတဲ့အချက်များကို ဖော်ပြပေးမှာပဲဖြစ်ပါတယ်။
ဗိုက် ပိုဆာလိမ့်မယ်

အဆီဓာတ်ကို လုံးဝဖြတ်တောက်ပစ်လိုက်တဲ့အခါ အခြားကယ်လိုရီတက်စေမယ့် အစားအစာတွေကို စားချင်စိတ်ပိုများလာပြီး ပုံမှန်ထက် ဗိုက် ပိုဆာလာပါလိမ့်မယ်။
မှတ်ဉာဏ် ချို့ယွင်းလာခြင်း

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီဓာတ်က ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စပေါတယ်။ သံလွင်ဆီ၊ အခွံမာသီးများ၊ ငါးများ စတဲ့ အစားအစာများထံမှ သဘာဝအဆီ ရယူနိုင်ပြီး သင့်ရဲ့မှတ်ဉာဏ်ကို တိုးမြှင့်ပေးပါတယ်။ တကယ်လို့ ထိုအဆီဓာတ်များကို သင့်ခန္ဓာကိုယ်က မရရှိတော့ဘူးဆိုရင် အယ်လ်ဇိုင်းမားကဲ့သို့ မှတ်ဉာဏ်ချို့ယွင်းခြင်းရောဂါကို ခံစားရနိုင်ချေ မြင့်မားလာပါလိမ့်မယ်။
နှလုံးရောဂါ ခံစားရခြင်း

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီဓာတ်က နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့ချပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ သံလွင်ဆီကို နေ့စဉ် စားပွဲတင်ဇွန်း တစ်ဇွန်းခန့် စားသုံးခြင်းက နှလုံးရောဂါ ဖြစ်ပွားနိုင်ချေကို ၁၅ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်ကြောင်း သိရှိရပါတယ်။
ဝိတ်ပိုတက်လာလိမ့်မယ်

ဝိတ်ကျချင်လို့ အဆီဓာတ်ကို ဖြတ်တောက်ပစ်လိုက်ပေမယ့် သင် မသိလိုက်တဲ့အချိန်မှာ ဝိတ်ပိုတက်လာပါလိမ့်မယ်။
ကြွက်သားများ အားနည်းလာလိမ့်မယ်
သင့်အနေနဲ့ ကြွက်သားများ ကြီးမားတောင့်တင်းဖို့အတွက် ဆော့ကစားနေရတယ်ဆိုရင်တော့ အဆီဓာတ်ကို မဖြစ်မနေ မှီဝဲပေးဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လေ့ကျင့်ခန်းများနဲ့ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အဆီဓာတ်က ကြွက်သားများ ကျစ်လျစ်ကြီးမားစေဖို့ ကူညီပေးနိုင်လို့ပဲဖြစ်ပါတယ်။
ကိုယ်ခံစွမ်းအား လျော့နည်းလာခြင်း

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးဖို့ရန်အတွက် ဖက်တိအက်ဆစ်ကို လိုအပ်ပါတယ်။ အဆီဓာတ် စားသုံးခြင်းအားဖြင့် သင့်ခန္ဓာကိုယ်က ဗီတာမင်ဓာတ်များကို များများ စုပ်ယူပေးနိုင်ပြီး ကိုယ်ခံစွမ်းအားလည်း မြင့်မားလာပါလိမ့်မယ်။ ဆန့်ကျင်ဘက်အနေနဲ့ အဆီဓာတ်ကို ဖြတ်တောက်လိုက်တဲ့အခါ ခုခံအား ကျဆင်းသွားပြီး မကြာခဏ နာမကျန်းဖြစ်လာပါလိ်မ့်မယ်။
သင့်အနေနဲ့ ဝိတ်ချဖို့အတွက် အဆီလုံးဝရှောင်မယ်လို့ စိတ်ကူးပေါ်လာတဲ့အခါ အခုဖော်ပြသွားတဲ့ ဆိုးကျိုးများကို ပြန်လည်အမှတ်ရပေးလိုက်ပါ။
Source: Brightside.me

