ကိုယ်တစ်ဖက်သတ် ချစ်နေရတဲ့ မိန်းကလေးနဲ့ သူငယ်ချင်းလိုနေရတာက တော်တော်လေး စိတ်ရှုပ်ထွေးဖို့ ကောင်းပြီး ကိုယ့်ကို ပြန်ချစ်မှာလား၊ မချစ်နိုင်ဘူးလားဆိုတဲ့ ဒွိဟအတွေးတွေရဲ့ အချိန်ပြည့် နှိပ်စက်ခြင်းကို ခံရမှာသေချာပါတယ်။
ဒါပေမယ့် မိန်းကလေးတွေရဲ့ အပြုအမူကို ကြည့်ပြီး သင့်အပေါ် ဘယ်လိုသဘောထားတယ်ဆိုတာကို ယေဘုယျအားဖြင့် မှန်းဆနိုင်ပြီး အောက်ပါအချက်တွေအတိုင်း ပြုမူနေမယ်ဆိုရင်တော့ Friendzone Forever ဖြစ်ပြီလို့သာ မှတ်ယူလိုက်ပါ။
၁။ စာပြန်ပို့ဖို့ ကြာနေတာ

Photo: Unsplash
သင်က သူမကို မကြာခဏ မက်ဆေ့ချ်ပို့တာ၊ ဖုန်းဆက်တာ လုပ်ပေမယ့် သင့်ရဲ့ဆက်သွယ်ဖို့ ကြိုးပမ်းမှုကို လစ်လျူရှုတာ ဒါမှမဟုတ် လုံးဝကို အဖက်ပြန်မလုပ်တာမျိုးဆိုရင်တော့ သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ်ပါပဲ။
၂။ သူငယ်ချင်းလို့ ခဏခဏ ခေါ်တာ

Photo: Unsplash
သင် ချစ်ရတဲ့ မိန်းကလေးက သင့်ကို သူငယ်ချင်းရေ ဘာတွေလုပ်နေလဲလို့ ခဏခဏ စာပို့ နှုတ်ဆက်နေတယ်ဆိုရင်တော့ မကောင်းတဲ့လက္ခဏာလို့ပဲ စိတ်မကောင်းစွာနဲ့ ပြောရမှာပါ။ သင့်ရဲ့ချစ်သူဖြစ်လာချင်တဲ့ မိန်းကလေးက သင့်ကို ဒီလိုပုံစံမျိုးနဲ့ ခေါ်မှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူငယ်ချင်းဆိုတဲ့ စကားလုံးကို သင် သတိပြုသွားမှာကိုတောင် မလိုလားလို့ပါ။
၃။ အဲ့ကောင်မလေးမိုက်တယ် လိုက်လို့ ပြောတာ

Photo: Unsplash
သင်နဲ့ သင်ကြိတ်ခရက်ရှ်နေရတဲ့ မိန်းကလေး ဆိုင်တစ်ဆိုင်မှာ ထိုင်ကြပြီဆိုပါစို့။ သူ့ဘက်ကနေ ‘စားပွဲထိုးမလေးက မိုက်တယ်လို့ ထင်လား။ သူ့ ဖုန်းနံပါတ်တောင်းကြည့်သင့်တယ်နော်။ နင်နဲ့ဆိုရင် အရမ်းလိုက်မှာ’လို့ ပြောလာပြီဆိုရင်တော့ ကျိန်းသေပါပြီ။ သင့်အပေါ်မှာ သူက သူငယ်ချင်းတစ်ယောက်လိုပဲ မြင်ပြီး FA ဘဝနဲ့ အရိုးမထုတ်ဘဲ ပျော်ရွှင်နေတာကို စိတ်အရင်းခံနဲ့ မြင်ချင်လို့ ပြောနေတယ်လို့သာ မှတ်လိုက်ပါ။
၄။ ရည်းစားဟောင်းကောင်းကြောင်း ပြောတာ

Photo: Unsplash
သင် ချစ်ရတဲ့ မိန်းကလေးက ရည်းစားဟောင်းအကြောင်းကို အကောင်းဘက်ကနေပဲ တော်တော်လေးပြောနေတယ်ဆိုရင်တော့ သင့်ကို ရည်းစားဖြစ်လာမယ့်သူလို့ သတ်မှတ်မထားဘူးဆိုတာ ကျိန်းသေသလောက်ရှိနေပါပြီ။ သင့်ကို ပုဏ္ဏားတိုင်လုပ်ပြီး တခြားယောကျ်ားတစ်ယောက်အကြောင်း ပြောဖို့အတွက် အသုံးချနေတာဖြစ်ပြီး အဲဒီလိုမျိုး ကြုံပြီးသွားပြီဆိုရင်တော့ သင် ချစ်ရတဲ့မိန်းကလေးက ဘယ်ယောကျ်ားလေးနဲ့မှ နောက်ထပ်ရည်းစားအသစ် ထားဖို့ အဆင်သင့်မဖြစ်သေးတာ သေချာပါတယ်။
၅။ နှစ်ယောက်တည်း ဖြစ်နေမှာကို ရှောင်တာ

Photo: Unsplash
သူငယ်ချင်းတွေစုပြီး အုပ်စုလိုက် လျှောက်သွားရတာ ပျော်ရွှင်စရာကောင်းပြီး သင် ချစ်ရတဲ့မိန်းကလေးလည်း အဲဒီထဲမှာ ပါဝင်တယ်ဆိုရင် ရင်းနှီးခင်မင်တဲ့ ဆက်ဆံရေးကို တည်ဆောက်ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခြား သူငယ်ချင်းတွေက တစ်နေရာခဏသွားမှာမို့လို့ သင်နဲ့ ၂ ယောက်တည်း ကျန်နေခဲ့မှာကို စိုးရိမ်ပြီး မရမကလိုက်သွားတာမျိုး ပြုမူလာရင်တော့ သင်နဲ့ သူက ဘယ်တော့မှ လက်ချင်းချိတ် လမ်းမလျှောက်နိုင်တော့ဘူးဆိုတာ သေချာသွားပါပြီ။
၆။ အားလုံးပြီးမှ ဒီဘူတာပဲ ဆိုက်တာ

Photo: Unsplash
အားလုံးရဲ့ ပတ်ဝန်းကျင်မှာ တစ်ဖက်သတ်ချစ်ရတဲ့အခြေအနေမျိုးနဲ့ ကောင်မလေး ခိုင်းတာလုပ်၊ လုပ်သမျှခံရတဲ့လူမျိုး တွေ့ဖူးကြမှာပါ။ ညစာ အတူတူသွားစား၊ အတူတူလျှောက်လည်၊ ဖုန်းတွေဆက်ပြီး တောင်စဉ်ရေမရတွေပြောနေတဲ့ အခြေအနေမှာဆိုရင် အခြေအနေကောင်းပြီလို့ အားလုံးက မျှော်လင့်မိကြမှာပါ။ ဒါပေမယ့်လည်း ပြန်ချစ်ဖို့အတွက် စကားဟလိုက်တယ်ဆိုရင်ပဲ ချစ်လို့မရသေးဘူး၊ အချိန်ပေးပါဦးနဲ့ နေလှန်းနေပြီဆိုရင်တော့ ကျိန်းသေပါတယ်။ သူ တကယ်ကြိုက်တဲ့လူ ပေါ်လာရင် ကောက်ကောက်ပါအောင် လိုက်သွားပြီး သင်ကတော့ ငါ သူ့ကို ဒီလောက်ဂရုတစိုက်နဲ့ ချစ်ပေးခဲ့တာကွာဆိုပြီး အော်ငိုရတော့မှာပါ။
၇။ အသားချင်းထိမိမှာ ကြောက်တာ

Photo: Unsplash
အမျိုးသမီးတွေက အမျိုးသားတွေကို ချစ်ခင်စုံမက်တယ်ဆိုရင် အထိအတွေ့တွေကို မသိမသာ မက်မောတတ်ကြပါတယ်။ လမ်းကူးနေတုန်း လက်ကို ရုတ်တရက်ဆွဲတာ၊ လှေကားအတက်အဆင်းမှာ မောပန်းဟန်နဲ့ ဆွဲခေါ်ဖို့ လက်ကမ်းပေးတာ စတာတွေက အမျိုးသမီးတွေက သင့်ကို သဘောကျနေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာပါ(ငယ်ပေါင်း မိန်းကလေးသူငယ်ချင်းတွေရဲ့အပြုအမူနဲ့တော့ ရောမချစေလိုပါ)။ ဒါပေမယ့်လည်း သင် ချစ်ရတဲ့မိန်းကလေးက သင်နဲ့ ကားအတူတူစီးတဲ့အချိန်မှာ တစ်ဖက်ကို အတင်းကပ်တာမျိုး၊ လမ်းအတူတူသွားချိန်မှာ ခပ်ခွာခွာသွားတာမျိုးဆိုရင်တော့ သင့်ကို သူငယ်ချင်းအဖြစ်ပဲ မြင်ပြီး ချစ်သူအဖြစ် မြင်လို့မရတာကြောင့် ဖြစ်ဖို့ များပါတယ်။
Featured Photo: Unsplash
