လူအများစုကတော့ အသက်အရွယ်အပိုင်းအခြားအလိုက် အချစ်ရေးမှာ ရင့်ကျက်မှုရှိတယ်မရှိဘူးဆိုတာကို သတ်မှတ်တက်ကြပါတယ်။ တကယ်တော့ အသက်အရွှယ်တစ်ခုနဲ့တင် ရင့်ကျက်လားမရင့်ကျက်ဘူးလားဆိုတာကို ဆုံးဖြတ်ဖို့ မလွယ်ပါဘူး။ အောက်မှာဖော်ပြပေးထားတဲ့ အချက်တွေလုပ်နေမိသေးတယ်ဆိုရင်ပင် အဲ့ဒီလူ တစ်ယောက်ဟာအချစ်ရေးမှာရင့်ကျက်မှုမရှိသေးဘူးဆိုတာကို ယေဘုယျအားဖြင့် ပြောလို့ရနိုင်ပါတယ်။

(၁) တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချေပနေမိမယ်

Source : FotoMalta

သင့်ချစ်သူက သင့်အပေါ်အမှားတစ်ခုကျူးလွန်မိတဲ့အခါ သင်ကလည်း သူမနဲ့ ထပ်တူအမှားမျိုးပြန်လည် အရွဲ့တိုက်ပြီးလုပ်နေမယ်ဆိုရင် ဒါဟာမရင့်ကျက်ခြင်းရဲ့ လက္ခဏာရပ်တစ်ခုဖြစ်ပါတယ်။ တကယ် ရင့်ကျက်သွားသူတွေဟာ ပြဿနာတစ်ခုကို ချေပခြင်းတွေ ရန်ဖြစ်တဲ့အခြေအနေတွေနဲ့ မရှင်းပါဘူး။ အမှားလုပ်သူက ကိုယ်အမှားအတွက်တာဝန်ယူမယ် တောင်းပန်မယ်။ တစ်ဖက်ကလည်း ခွင့်လွတ်ပေးမယ်။ ဒါဆိုရင် ကောင်းမွန်တဲ့ရလဒ်အဖြေတစ်ခုထွက်လာမှာပါ။ ဒီလိုမှမဟုတ်ပဲ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချေပနေမယ်ဆိုရင်တော့ မဆုံးနိုင်တဲ့ ပြဿနာသံသရာကြီးထဲမှာ တဝဲလည်လည်ဖြစ်နေမှာပါ။

(၂) ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံမှု မရှိဘူး

Source : Family Creations

လူနှစ်ယောက်တည်ဆောက်ထားတဲ့ Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် ပွင့်လင်းစွာပြောဆိုဆက်ဆံဖို့ကလည်း မဖြစ်မနေလိုအပ်ပါတယ်။ သင့်အနေနဲ့ ခံစားချက်တွေကိုအမြဲဖုံးကွယ်ထားမယ် သင့်ရဲ့ပါတနာအပေါ်မှာ လျို့ဝှက်ချက်တွေ များစွာထားနေမယ်ဆိုရင် ဒါဟာအချစ်ရေးမှာ ရင့်ကျက်မှုမရှိတာလို့ပြောလို့ရနိုင်သလို အောင်မြင်ပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုဖြစ်လာဖို့လည်း ခဲယဉ်းနေပါလိမ့်မယ်။

(၃) အချစ်ရေးပြဿနာတွေကို တခြားသူတွေထံဖောက်သည်ချနေမယ်

Source : Psychology Today

ကိုယ့်ရဲ့အချစ်ရေးပြဿနာတွေဆိုတာ လူတိုင်းကိုထုတ်ပြောနေဖို့မလိုအပ်တဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တစ်ခုဖြစ်ပါတယ်။ ဒီလိုကိုယ့်ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ အချစ်ရေး ပြဿနာတွေကို သူငယ်ချင်းတွေ တခြားသောသူစိမ်းတွေကို ဖြစ်ကြောင်းကုန်စင်ပြောပြနေခြင်းက အချစ်ရေးမှာရင့်ကျက်မှုမရှိဘူးဆိုတာကို ပြသနေတဲ့ အမူအရာတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်လေ မွန်းကျပ်မှုတွေပြေလျော့စေဖို့ ရင်ဖွင့်ချင်တယ်ဆိုရင်တောင် ကိုယ်တကယ်ယုံကြည်ရတဲ့ သူငယ်ချင်းဖြစ်ဖို့လိုပါတယ်။ သို့သော် ဖြစ်ကြောင်းကုန်စင်ကိုပြောမပြသင့်သလို အဆင်မပြေဖြစ်တိုင်းလည်း ရင်သွားဖွင့်နေတာမျိုးလည်း မလုပ်သင့်ပါဘူး။

(၄) အချိန်တိုင်းရန်ဖြစ်စကားများနေမယ်

Source : Freepik

စုံတွဲတွေ တစ်ခါတစ်လေ ရန်ဖြစ်ကြတယ် စကားများကြတယ်ဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ သို့သော်လည်း အချိန်တိုင်းနီးပါး ရန်ပွဲတွေပဲဆက်တိုက် ဖြစ်နေရဆိုရင်တော့ ရင့်ကျက်မှုမရှိသေးဘူးဆိုတာ သိသာနေတဲ့အချက်တစ်ခုဖြစ်ပါတယ်။ တကယ်ရင့်ကျက်တဲ့ စုံတွဲတွေမှာ တစ်ယောက်နဲ့တစ်ယောက်ရန်ဖြစ်တယ်ဆိုတာ မရှိသလောက်ရှားပါတယ်။ ဘာကြောင့်လဲဆိုရင် တစ်ကိုယ်ကောင်းဆန်တဲ့အပြုအမူတွေမရှိပဲ ကိုယ့်ပါတနာရဲ့စိတ်ကိုနားလည်အောင်ကြည့်ပေးတက်လို့ပါ။ သင်တို့အချစ်ရေးမှာလည်း တစ်ယောက်ကိုတစ်ယောက်နားလည်အောင်မလုပ်ပဲ တစ်ကိုယ်ကောင်းဆန်နေအုန်းမယ်ဆိုရင် မရင့်ကျက်သေးတဲ့ လူတစ်ယောက်အဖြစ်နဲ့ ရန်ပွဲတွေကို မကြာခဏကြုံနေရနိုင်ပါတယ်။