ကော်ဖီက စွဲတတ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ ကော်ဖီမှာပါတဲ့ ကဖိန်းဓါတ်ဟာ စွဲလမ်းမှုဖြစ်စေတာကြောင့် ဖြစ်ပါတယ်။ ကော်ဖီသင့်တင့်ရုံ သောက်တာက ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ်ဆိုပေမယ့် ကော်ဖီအသောက်များတာဟာ ဘေးထွက်ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။ ကော်ဖီအသောက်များလာတဲ့အခါ ခန္ဓာကိုယ်က အခုပြောမယ့် လက္ခဏာတွေ ပြလာတတ်ပါတယ်။ ဒီလက္ခဏာတွေ ပြလာပြီဆိုရင် ကော်ဖီဖြတ်ဖို့လည်း တိုက်တွန်းလိုက်ရပါတယ်။

(၁) ညဘက်တွေ အိပ်မပျော်ဖြစ်လာတယ်

On The Bed

Photo: Unsplash

ကော်ဖီကြောင့် ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ အတွေ့ရအများဆုံးက အိပ်မပျော်တော့တာပါပဲ။ ကော်ဖီမှာပါတဲ့ ကဖိန်းဟာ တစ်ယောက်နဲ့တစ်ယောက် အစွမ်းပြပုံချည်း မတူပါဘူး။ တချို့ဆို မနက်ဘက် သောက်တာနဲ့တင် ညဘက်အထိ မျက်စိကြောင်ပြီး အိပ်မရတာမျိုး ဖြစ်နိုင်ပါတယ်။ သေချာတဲ့အချက်က ကော်ဖီသောက်တာဟာ ညဘက်တွေမှာ အိပ်ချိန်လျော့ကျလာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှုကို ထိခိုက်တယ် ဆိုတာပါပဲ။

(၂) စိုးရိမ်သောကကို ပိုဆိုးစေတယ်

stressed

Photo: Unsplash

ကော်ဖီဟာ အက်ဒရီနယ်လင်ဆိုတဲ့ ဟော်မုန်းကို လှုံ့ဆော်နိုင်ပါတယ်။ ဒီဟော်မုန်းက လူကို အားအင်ပြည့်စေသလို ခံစားရသလို တစ်ဖက်မှာလည်း ထိတ်လန့် ကြောင့်ကြ သောကစိတ် ဝင်စေနိုင်ပါတယ်။ ကဖိန်းကြောင့် ကြောက်စိတ်ဝင်မှုကို စိတ်ပညာရှင်တွေကလည်း လက်ခံထားပါတယ်။ တကယ်လို့ အရင်က မကြုံခဲ့ဖူးဘဲ ကော်ဖီအသောက်များရာကနေ စိုးရိမ်သောကနဲ့ ကြောက်စိတ်ဝင်တာမျိုး ကြုံလာရင် ကော်ဖီကို လျှော့သောက်ဖို့ လိုပြီ ဖြစ်ပါတယ်။

(၃) အမြဲလိုလို ရေဓါတ်ခမ်း‌ခြောက်နေတယ်

Coffee

Photo: Unsplash

ကော်ဖီ‌သောက်ခြင်းဟာ မကြာမကြာ ဆီးသွားမှုကို ဖြစ်စေပါတယ်။ ‌ကော်ဖီသောက်ပြီး ရေမသောက်ဖြစ်ဘူးဆိုရင် မကြာခင်မှာ ရေဓါတ်ခမ်းခြောက်မှု ခံစားလာရတော့မှာပါ။ ကော်ဖီမှာ ရေပါတယ်ဆိုပေမယ့် ရေအတွက် လုံလောက်တဲ့အစားထိုး ရေဓါတ်ဖြည့်သောက်စရာ မဟုတ်ပါဘူး။ ဒါကြောင့် ကော်ဖီသောက်ဖြစ်ရင် ရေများများ ပိုသောက်ဖို့ အကြံပြုကြပါတယ်။

(၄) ဗိုက်အောင့်လာတယ်

pain

Photo: Unsplash

ရေရှည် ကော်ဖီစွဲ သောက်သူတွေဟာ ဗိုက်နာဗိုက်အောင့် ဖြစ်တတ်ပါတယ်။ ကော်ဖီနဲ့ အစာခြေလမ်းကြောင်းဆိုင်ရာ မအီမသာဖြစ်မှုက ဆက်စပ်နေပါတယ်။တချို့ဆို ဝမ်းပျက် ဝမ်းလျှောတာ ၊ ဗိုက်ရစ်တာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ မနက်ဘက် ကော်ဖီတစ်ခွက် သောက်ပြီးလို့ ဗိုက်နာလာတယ်ဆိုရင် ဒါက ကော်ဖီလျှော့သောက်ဖို့/ ကော်ဖီဖြတ်ဖို့ သင့်ခန္ဓာကိုယ်က အချက်ပြနေတာပဲ ဖြစ်ပါတယ်။

(၅) မကြာမကြာ ‌ခေါင်းကိုက်တယ်

Headache

Photo: Unsplash

ကော်ဖီသောက်နေတုန်းမှာတော့ ခေါင်းကိုက်မှာ မဟုတ်ပေမယ့် ကော်ဖီမသောက်ဖြစ်ရင် ခေါင်းကိုက်လာပြီဆိုရင် သတိထားပါ။ ကဖိန်းကို ပုံမှန် သောက်ပြီး စွဲနေသူတွေဟာ အချိန်တန်လို့ ကော်ဖီမသောက်ဖြစ်ရင် ခန္ဓာကိုယ်က ကဖိန်းဓါတ်ဆုတ်ယုတ်မှုကို ခံစားလာရပါတယ်။ အဲ့ဒါရဲ့ အချက်ပြမှုက ခေါင်းကိုက်တာပဲ ဖြစ်ပါတယ်။ ခေါင်းကိုက်တာ သက်သာဖို့ ကော်ဖီသောက်မှ အဆင်ပြေသွားတတ်ပါတယ်။ ဒီလိုနဲ့ ခေါင်းကိုက်ပျောက်ဖို့ ကော်ဖီသောက်ရင်း ရေရှည်မှာ ကော်ဖီမသောက်ရ မနေနိုင် ဖြစ်လာတတ်ပါတယ်။ ဒီလို ဖြစ်လာရင် ကော်ဖီဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။

Featured Photo: thehealthy