စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်တယ်ဆိုတာဟာ လူတ‌‌‌စ်ယောက်ရဲ့ မိမိကိုယ်ကိုတန်ဖိုးထားမှုကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ အဓိက ကတော့ သင့်ရဲ့ခံယူချက်ပေါ်မူတည်တာပါ။ တကယ်လို့ တခြားသူတွေကသင့်အပေါ်စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်ဘူးလို့ အထင်ခံရတဲ့အခါ မိမိကိုယ်ကို လေးစားမှု ရှိခြင်း/မရှိခြင်းအပေါ် အကျိုးသက်ရောက် စေရုံသာမက သူတို့နဲ့ သင့်ရဲ့ ဆက်ဆံရေးမှာလည်း အထင်လွဲမှားမှုတွေ ရှိလာနိုင်ပါတယ်။

အခုပြောပြပေးမှာက တခြားသူတွေ သင့်အပေါ်စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်ဘူးလို့ အထင်ခံရနိုင်စေတဲ့ အပြုအမူတွေအကြောင်းပါ။

(၁) မစဉ်းစားဘဲ သုံးတယ်


Photo : ABC News

ငွေကြေးကို မစဉ်းစားမချင့်ချိန်ဘဲ သုံးစွဲခြင်းက မရင့်ကျက်ခြင်းရဲ့ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။ အရွယ်မရောက်သေးတဲ့ လူတွေဟာ သူတို့ရဲ့ လုပ်ရပ်တွေအတွက် ဘယ်လိုတာဝန်ယူရမလဲဆိုတာ နားမလည်ကြသလို သူတို့ ရဲ့ စိတ်ခံစားမှုအပေါ်မူတည်ပြီးလုပ်ဆောင်တတ်ကြပါတယ်။ ပစ္စည်းတစ်ခုဝယ်တဲ့အခါ ရင့်ကျက်တဲ့သူတစ်ယောက် အနေနဲ့ ဈေးနှုန်းနဲ့အမှန်တကယ်လိုအပ်ရဲ့လားဆိုတာ‌ပေါ်မူတည်ပြီးမှ ဝယ်မှာဖြစ်ပေမယ့် မရင့်ကျက်သေးတဲ့ သူကတော့ သူ့ရဲ့စိတ်လှုပ်ရှားမှုပေါ် မူတည်ပြီးဝယ်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။

ဒါကသူတို့မှာ မရှိတဲ့ ပိုက်ဆံကိုမစဉ်းစားဘဲ ထုတ်သုံးပစ်လိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငွေကြေးသုံးစွဲမှုကို မစဉ်းစားပဲသုံးစွဲတာက စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်တာကို ပြနေတာပါ။

(၂) စိတ်ခံစားမှုကို မထိန်းချုပ်ဘူး


Photo : Unsplash

လူတစ်ယောက်ဟာ စိတ်ခံစားမှုပေါ်မူတည်ပြီး ပြုမူဆက်ဆံပြောဆိုပုံတွေက ကွဲပြားလေ့ရှိပါတယ်။ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သူအများစုကို ကြည့်မယ်ဆိုရင် သူတို့ဟာ စိတ်ခံစားမှုကို ကောင်းကောင်းထိန်းချုပ်နိုင်စွမ်းမရှိပဲ ခံစားချက်တွေနောက်လိုက်လေ့ရှိကြသူတွေပါ။

စိတ်ခံစားမှုကို မထိန်းချုပ်ပဲ စိတ်အလိုအရ ဒေါသထွက်ပေါက်ကွဲတာ ၊ ကိစ္စတစ်ခုကို စိတ်လိုက်မာန်ပါ ဆုံးဖြတ်ပြုမူတာဟာ မရင့်ကျက်သူတွေမှာတွေ့ရတဲ့ အပြုအမူတစ်ရပ်ပဲ ဖြစ်ပါတယ်။ စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်သ၍တော့ ကိုယ့်ကိုယ်ကို ရင့်ကျက်သူတစ်ယောက်ဖြစ်ပြီလို့ သတ်မှတ်လို့ မရနိုင်ပါဘူး။

(၃) ဆိုရှယ်မီဒီယာကို ထွက်ပေါက်အနေနဲ့ သုံးတယ်

Photo : Eating Disorder Hope

တစ်ခါတစ်လေ ရင်ထဲကခံစားချက်တွေဆိုတာ တစ်စုံတစ်ယောက်ကို ရင်ဖွင့်ပြောပြလိုက်မှ ပိုပြီးနေသာထိုင်သာရှိသလို စိတ်ထဲကတင်းကြပ်နေတဲ့ခံစားမှုတွေထဲ တချို့တဝက် သက်သာသွားတယ်ဆိုတာ မှန်ပါတယ်။ သို့သော် ကိုယ့်ရဲ့ ခံစားချက်တိုင်းကို လူမှုကွန်ယက် ဆိုရှယ်မီဒီယာပေါ်မှာ ဖွင့်ဟတာမျိုးကိုတော့ မလုပ်သင့်ပါဘူး။

ကိုယ့်ရဲ ကိုယ်ရေးကိုယ်တာ အတွင်းရေး ၊ မိသားစုအရေး ၊ လုပ်ငန်းခွင်က အဆင်မပြေမှုများ ၊ အချစ်ရေးပြဿနာများ စတဲ့ နေ့စဉ်ဘဝထဲက ကြုံ့တွေရသမျှ အားလုံးကို ဆိုရှယ်မီဒီယာပေါ်မှာ ထုတ်ဖော်ရေးသားနေတာမျိုးဟာ စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သူတွေသာ လုပ်လေ့ရှိတာဖြစ်ပါတယ်။ အမှန်တကယ် ရင်ဖွင့်လိုတယ်ဆိုရင်တော့ ကိုယ့်ရဲ့ အရင်းနှီးဆုံး မိသားစု ၊ ယုံကြည်ရတဲ့ မိတ်ဆွေတွေကိုသာ ပြောပြ ရင်ဖွင့်သင့်တာပါ။

(၄) တာဝန်ယူလို စိတ်မရှိဘူး

Photo : Vitus Counseling

မိမိရဲ့အပြုအမူ လုပ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်အပေါ်မှာ တာဝန်ယူမှု တာဝန်ခံမှုမရှိတာကလည်း စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သူတွေရဲ့ အပြုအမူတစ်ခု ဖြစ်ပါတယ်။ များသောအားဖြင့် စိတ်ပိုင်းဆိုင်ရာ မရင့်ကျက်သူတွေဟာ ဘယ်အရာကိုမဆို ဆုံးဖြတ်ချက် မြန်မြန်ပဲ ချလေ့ရှိကြပြီး ကိုယ့်ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကိုလည်း တာဝန်ယူလို စိတ်နည်းပါးကြတာ ဖြစ်ပါတယ်။

သင့်အနေနဲ့ အရာရာကို လွယ်လွယ်ပဲလုပ်တက် လွယ်လွယ်ပဲဆုံးဖြတ်တက်ပြီး ရလာတဲ့အကျိုးဆက်တွေကို ခေါင်းရှောင်ဖို့ ကြိုးစားနေမိတယ်ဆိုရင် သင်ဟာ စိတ်ပိုင်းဆိုင်ရာမှာ လုံလောက်တဲ့ ရင့်ကျက်မှုမရှိသေးလို့မှတ်ယူလို့ရပါတယ်။

Featured Photo : The Recovery Village