နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ အရေးကြီးဆုံး အာဟာရတစ်ခုက ပရိုတိန်းဖြစ်ပါတယ်။ အင်အားပြည့်ဖို့ ၊ ကြွက်သားတွေ သန်စွမ်းကျန်းမာဖို့နဲ့ ကိုယ်ခံအားမြှင့်ဖို့ ပရိုတိန်းလိုပါတယ်။
ပရိုတိန်းဆိုတာ အမိုင်နိုအက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပြီး ကြွက်သား ၊ သွေးကြော ၊ ဆံပင် ၊ အသားအရေနဲ့ လက်သည်းစတဲ့ ကိုယ်တွင်းတစ်သျှူးတွေ တည်ဆောက်ပေးပါတယ်။ ဒါပေမယ့် ပရိုတိန်းအစားများတာ ကောင်းသလားဆိုရင်တော့ မကောင်းဘူးလို့ ပြောရမှာပါ။ ပရိုတိန်းအစားများမယ်ဆိုရင် ကျောက်ကပ်ရောဂါ ၊ ဝမ်းချုပ်ခြင်းနဲ့ ကင်ဆာရောဂါဖြစ်နိုင်ခြေတွေနဲ့ ဆက်စပ်မှု ရှိပါတယ်။
ယောင်္ကျားတစ်ယောက်ဟာ တစ်နေ့ကို ပရိုတိန်း ၁၄၀ ဂရမ်နဲ့ အမျိုးသမီးတစ်ယောက်ဟာ ၁၁၀ ဂရမ်စားသုံးဖို့ လိုပါတယ်။ ဒီထက် ပိုရင်တော့ ကျန်းမာရေးအတွက် သိပ်မကောင်းပါဘူး။ ဒီတော့ ကိုယ့်ရဲ့ နေ့စဉ် စားသုံးမှုမှာ ပရိုတိန်းတွေ လိုတာထက် ပိုစားနေမိပြီလားဆိုတာ သိနိုင်မယ့် လက္ခဏာတစ်ချို့ကို ပြောပြချင်ပါတယ်။
(၁) စိတ်ရှုပ်နေမယ်
Photo: Freepik
စိတ်တိုစိတ်ရှုပ်ဖြစ်နေတာ များလာရင် ကိုယ့်ရဲ့ စားသောက်မှုပုံစံကို ပြန်ကြည့်ဖို့ လိုပါတယ်။ ပရိုတိန်းစားသုံးမှုများလာရင် အာရုံစိုက်ရခက်လာပြီး အလိုလိုနေရင်း ပင်ပန်းတယ် ခံစားရပါလိမ့်မယ်။
(၂) ဝိတ်တက်လာမယ်
Photo: Freepik
ပရိုတိန်းမြင့်တဲ့ အစားအစာတွေဟာ ကိုယ့်ရဲ့ ဆာလောင်မှုကို ကျေနပ်စေပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ကယ်လိုရီနဲ့ အဆီတွေ ပိုတက်လာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နပ်စာ စားသုံးမှုမှာ ပန်းကန်ရဲ့ တစ်ဝက်ဟာ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်သင့်ပြီး ကျန်တဲ့ လေးပုံတစ်ပုံဟာ ပရိုတိန်းနဲ့ နောက်ဆုံး လေးပုံတစ်ပုံဟာ ဆန်လုံးညိုနဲ့ Oatmeal တို့လို ကောက်ပဲသီးနှံတွေ ဖြစ်သင့်တယ်လို့ ဆိုကြတာပါ။
(၃) ဝမ်းချုပ်လာမယ်
Photo: Freepik
ဝမ်းသွားရခက်လာတယ်ဆိုရင် ပရိုတိန်းအစားများနေပြီလား ပြန်ကြည့်သင့်ပါတယ်။ ပရိုတိန်းအစားများခြင်းဟာ ကောက်ပဲသီးနှံနဲ့ အသီးအရွက်တို့က ရတဲ့ အမျှင်ဓါတ် နည်းပါးလာစေနိုင်ပြီး ဝမ်းချုပ်စေနိုင်လို့ ဖြစ်ပါတယ်။
(၄) ရေဆာနေမယ်
Photo: Freepik
ပရိုတိန်းစားသုံးမျု လွန်လာသူတွေဟာ အပျော့စား ရေဓါတ်ခမ်းခြောက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ရေဓါတ်ခမ်းခြောက်ရတဲ့အကြောင်းက ကျောက်ကပ်ဟာ ပိုလျှံပရိုတိန်းတွေနဲ့ ပရိုတိန်းဇီဝဖြစ်စဉ်ကနေ ထုတ်လိုက်တဲ့ နိုက်ထရိုဂျင်စွန့်ပစ်မှုတွေ ဖယ်ရှားဖို့ အလွန်အကျွံ အလုပ်လုပ်လာရလို့ ဖြစ်ပါတယ်။
(၅) ခံတွင်းနံ့ ဆိုးလာမယ်
Photo: Freepik
အစားအသောက်ပုံစံကြောင့် ခံတွင်းအနံ့ ပြောင်းနိုင်ပါတယ်။ အသားများများ စားသူဟာ ခံတွင်းနံ့ဆိုးတာကတော့ အများသိကြပါတယ်။ ဒါကြောင့် ခံတွင်းနံ့ ဆိုးလာပြီဆိုရင် ပရိုတိန်းစားသုံးမှုကို ချင့်ချိန်သင့်ပြီ ဖြစ်ပါတယ်။