ဒီယေဂို ဆီမြွန်နီဟာ အင်္ဂါနေ့ညမှာ အက်သလက်တီကို မက်ဒရစ်အသင်းက လီဗာပူးလ်အသင်းကို ၃-၂ နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် လက်ဆွဲနှုတ်ဆက်ဖို့ စောင့်ဆိုင်းနေတဲ့ ယာဂန် ကလော့ပ်ကို လက်ဆွဲနှုတ်ဆက်ခဲ့ခြင်းမရှိဘဲ ဥမင်လျှောက်လမ်းထဲ ဝင်သွားခဲ့ပါတယ်။

diego simeone

Photo: Skysports

လီဗာပူးလ်အသင်းဟာ စပိန်မြေမှာ ၃-၂ နဲ့ အက်သလက်တီကို မက်ဒရစ်အသင်းကို အနိုင်ယူပြီး ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ရှုံးပွဲကို လက်စားချေနိုင်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်း ၅၂ မှာ ဂရစ်ဇ်မန်း အနီကတ်ပြသခြင်း ခံခဲ့ရတာကြောင့် တစ်ယောက်လျော့နေတဲ့ အက်သလက်တီကိုအသင်းကို အနိုင်ယူဖို့ အခွင့်အရေးကောင်း ရရှိခဲ့တာဖြစ်ပါတယ်။

အက်သလက်တီကို မက်ဒရစ်အသင်းဟာ ပင်နယ်တီ ရရှိမယ့် အခွင့်အရေး ငြင်းပယ်ခံခဲ့ရတာကြောင့် ပွဲအပြီးမှာ ဆီမြွန်နီဟာ အဝတ်လဲခန်းထဲကို တန်းသွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်ကတော့ ဒေါသတကြီးနဲ့ ဥမင်ထဲကို အော်ဟစ်ပြီး ဆီမြွန်နီရဲ့လုပ်ရပ်ကို လက်မထောင်ပြခဲ့တာဖြစ်ပါတယ်။

jurgen-klopp

Photo: independence.ie

“ကျွန်တော်တို့ ဒါကို မနှစ်သက်ပါဘူး။ ဒါပေမယ့် ဟုတ်ပါတယ်။ အခြေအနေက ရှင်းပါတယ်။ ကျွန်တော် သူနဲ့ လက်ဆွဲနှုတ်ဆက်ချင်ခဲ့တယ်။ သူ့ရဲ့ တုံ့ပြန်မှုက သိပ်တော့ မဟုတ်ဘူးဆိုတာ အသေအချာပဲ။ နောက်တခါ ကျွန်တော်တို့ ဆုံတဲ့အချိန်ကျရင် ကျိန်းသေပေါက် လက်ဆွဲနှုတ်ဆက်သွားမှာပါ။ အဲဒါက ဘာမှမဟုတ်ပါဘူး။ သူက ဒေါသထွက်နေတာ သိသာနေပြီး ကျွန်တော့်ကို မဟုတ်ဘဲ ပွဲနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တာပါ။ ကျန်တာ ဘာမှမရှိပါဘူး”လို့ ကလော့ပ်က BT Sport ကို ပြောကြားခဲ့ပါတယ်။

ဆီမြွန်နီကလည်း အများအားဖြင့် ပွဲအပြီး လက်ဆွဲမနှုတ်ဆက်သူဖြစ်တဲ့အတွက် လွဲမှားတဲ့ ဆက်သွယ်မှုဖြစ်ခဲ့တာဖြစ်တယ်လို့ ပွဲအပြီးဖြစ်စဉ်ကို ရှင်းလင်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော် ဘယ်တုန်းကမှ ပွဲအပြီးမှာ လက်ဆွဲမနှုတ်ဆက်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီလို လုပ်ရတာကို မကြိုက်လို့ပါ။ အဲဒါက အနိုင်ရတဲ့သူအတွက်ရော ရှုံးတဲ့သူအတွက်ပါ အဆင်မပြေပါဘူး။ အဲဒီလိုပဲ ကျွန်တော်ကတော့ မြင်တယ်။ ဒါပေမယ့် အခုတော့ ကျွန်တော် သူ့ကို မြင်တဲ့အခါကျရင် ဘာပြဿနာမှမရှိဘဲ သူ့လက်ကို ဆွဲပြီး နှုတ်ဆက်သွားမှာပါ”လို့ ဆီမြွန်နီက ပြောကြားခဲ့ပါတယ််။

Featured Photo: Teamtalk